သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအစိုးရနဲ့ အတိုက်အခံ သွေးထွက်သံယိုမှု ရပ်ဆိုင်းဖို့ သဘောတူ


ယူကရိန်းနိုင်ငံမှာ လူ ၂၆ ယောက်ထက်မနည်း သေဆုံးပြီး ရာနဲ့ချီတဲ့ လူတွေလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတဲ့အထိ ဆန္ဒပြသူတွေနဲ့ လုံထိန်းရဲတပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက်မှာပဲ ဗုဒ္ဓဟူးနေ့က အစိုးရနဲ့ အတိုက်အခံကြား သွေးထွက်သံယို လုပ်ရပ်တွေကို ရှောင်ရှားဖို့ သဘောတူညီချက် ရရှိခဲ့ကြပါတယ်။

အစိုးရက အတိုက်အခံတွေရဲ့ သပိတ်စခန်းတွေကို တိုက်ခိုက်တာတွေ မလုပ်ဖို့နဲ့ ဆက်လက် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ သဘောတူခဲ့တာလို့လည်း သတင်းတွေက ဖော်ပြနေကြတာပါ။

ယူကရိန်းသမ္မတ Viktor Yanukovych ဟာ အတိုက်အခံတွေနဲ့ တွေ့ဆုံပြီးနောက် သွေးထွက်သံယိုမှုတွေကို ရှောင်ရှားဖို့ သဘောတူညီချက် ရခဲ့ကြောင်းလည်း သမ္မတရဲ့ ဝဘ်ဆိုဒ်ကြေညာချက်မှာ ဖော်ပြပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာတော့ Kyiv မြို့တော်မှာ အတိုက်အခံ ဆန္ဒပြသူတွေက အကာအရံ အတားအဆီးတွေနဲ့ ဆက်လက် စုဝေးနေချိန်မှာပဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ နှိမ်နင်းမယ်လို့ ကြေညာထားတဲ့ စစ်တပ်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Volodymyr Zamana ကို သမ္မတက ရာထူးက ဖြုတ်လိုက်ပါတယ်။

ယူကရိန်းနိုင်ငံမှာ သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့အပေါ်မှာတော့ အမေရိကန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေက တညီတညွတ်တည်း ဆန့်ကျင်ကန့်ကွက် လိုက်ကြပါတယ်။

ဗုဒ္ဓဟူးနေ့က မက္ကစီကိုနိုင်ငံမှာ ရောက်ရှိနေစဉ် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား က အပြင်းထန်ဆုံး အသုံးအနှုန်းတွေနဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချခဲ့တာပါ။ ဆန္ဒပြသူတွေကို ကိုင်တွယ်ရာမှာ အဓိကတာဝန်ရှိသူဟာ ယူကရိန်း အစိုးရသာ ဖြစ်တယ်လို့ အမေရိကန်အနေနဲ့ သဘောထားတဲ့ အကြောင်းလည်း ပြောခဲ့ပါတယ်။

ပဲရစ်မြို့မှာ ပြင်သစ်သမ္မတ Francois Hollande နဲ့အတူ ဗုဒ္ဓဟူးနေ့က ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တဲ့ ဂျာမန်ဝန်ကြီးချုပ် Angela Merkel ကလည်း တာဝန်ရှိသူတွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့ တိုက်တွန်းခဲ့တာပါ။
XS
SM
MD
LG