ယူကရိန်းနိုင်ငံရဲ့ ၀န်ကြီးချုပ်သစ်အဖြစ် လူကြိုက်များတဲ့ အတိုက်အခံခေါင်းဆောင် Arseniy Yatsenyuk ကို ကြားဖြတ်အစိုးရ ခေါင်းဆောင်တွေက အမည်စာရင်း တင်သွင်းလိုက်ပါတယ်။
Yatsenyuk ကို အမည်စာရင်းတင်သွင်းတဲ့အကြောင်း ကိယက်ဗ်မြို့တော် လွတ်လပ်ရေးရင်ပြင်က လူအုပ်ကြီးရှေ့မှာ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တာပါ။ လွှတ်တော်က ကြာသပတေးနေ့မှာ ဒီကိစ္စကို ဆောင်ရွက်မယ်လို့ ခန့်မှန်းထားပါတယ်။
Yatsenyuk ဟာ အနောက်လိုလားတဲ့ နိုင်ငံခြားရေးနဲ့ စီးပွားရေးဝန်ကြီးဟောင်းဖြစ်ပါတယ်။ သူ့ရဲ့ အဓိက တာဝန်တစ်ရပ်က တော့ ယူကရိန်းစီးပွားရေး ပြိုလဲပျက်စီးမယ့်အရေးကနေ ကာကွယ်တားဆီးဖို့ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံသားအားလုံးကို ကိုယ်စားပြုမယ့် ပါတီစုံအစိုးရတစ်ရပ်ကို ဖွဲ့စည်းရေး လုပ်ဆောင်နေကြတာနဲ့အမျှ ယူကရိန်း ခေါင်းဆောင်တွေကို အခိုင်အမာ အားပေးထောက်ခံသွားမယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။
နိုင်ငံတကာက အကူအညီတွေ ပေးနိုင်ဖို့အတွက် အခြေခံလိုအပ်တဲ့ ပြန်လည်သင့်မြတ်ရေးကို အခိုင်အမာရပ်တည်တဲ့ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ အစိုးရတရပ်ဖွဲ့စည်းဖို့ အမေရိကန်ပြည်ထောင်စုက နှိုးဆော်ထားပါတယ်။
ယူကရိန်းအတွက် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ပေးဖို့ အမေရိကန်ပြည်ထောင်စုက စဉ်းစားနေတယ်လို့ နိုင်ငံခြား ရေးဝန်ကြီး ဂျွန် ကယ်ရီက ပြောပါတယ်။ ယူကရိန်းကို စစ်ရေးအရ ၀င်ရောက်စွက်ဖက်ရင် အကြီးအကျယ် မှားလိမ့်မယ်လို့လည်း မစ္စတာ ကယ်ရီက ရုရှားကို ဗုဒ္ဓဟူးနေ့မှာ သတိပေးပြောဆိုခဲ့ပါတယ်။