သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား ယူကရိန်း တိုက်ရိုက်ဆွေးနွေးဖို့ John Kerry တောင်းဆို


ယူကရိန်းနိုင်ငံ Crimea ကျွန်းဆွယ်မှာ စစ်ရေးပဋိပက္ခ လျော့ပါးသွားစေရေး တွန်းအားပေးကြိုးပမ်းမှု တစိတ်တပိုင်းအနေနဲ့ ယူကရိန်းနဲ့ ရုရှားနိုင်ငံအကြား မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က တောင်းဆိုလိုက်ပါတယ်။

သူနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Williams Hague တို့ဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov၊ ယူကရိန်း ယာယီ နိုင်ငံခြားရေးဝန်ကြီး Andriy Deshchytsia တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပြီးတဲ့နောက် မစ္စတာ Kerry က သတင်းထောက်တွေကို ပဲရစ်မြို့မှာ ဗုဒ္ဓဟူးနေ့က ပြောခဲ့တာပါ။ နိုင်ငံစုံပါဝင်ပြီး လေးနက်တဲ့ ဆွေးနွေးပွဲတွေ ဒီသီတင်းပတ်နှောင်းပိုင်းမှာ ဖြစ်လာမယ်လို့ ဝန်ကြီး Kerry က ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ Crimea ကျွန်းဆွယ်မှာ ပဋိပက္ခဖြစ်နေချိန်အတွင်း ဥရောပမဟာမိတ်တွေကို ကူညီဖို့ အမေရိကန်ပြည်ထောင်စုက အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel က ပြောပါတယ်။

သီးခြားသတင်းတပုဒ်မှာတော့ ယူကရိန်းနဲ့ အမေရိကန် ဘောလုံးအသင်းတွေကြား ချစ်ကြည်ရေး ဘောလုံးပွဲမှာ ယူကရိန်းက အမေရိကန်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ နဂိုစီစဉ်ထားတာက ဘောလုံးပွဲကို Kyiv မြို့တော်နဲ့ မိုင် ၃၁၀ ကျော်ဝေးတဲ့ ခါကစ်ဗ်မြို့မှာကစားဖို့ စီစဉ်ထားခဲ့တာဖြစ်ပေမဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်ကြောင့် ဆိုက်ပရပ်စ်မှာ ရွှေ့ကစားဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က စီစဉ်ခဲ့ရတာပါ။ မကြာသေးခင်ကဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း Kyiv မြို့တော်မှာ အသက်ဆုံးရှုံးခဲ့ကြရသူတွေကို အောက်မေ့သတိရ ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အဖြစ် ဘောလုံးပွဲမစခင် ခဏတာ တိတ်ဆိတ် ငြိမ်သက်ခဲ့ကြပါတယ်။

ပွဲမစခင် နိုင်ငံတော်သီချင်း ဆိုကြတဲ့အချိန်မှာလည်း ယူကရိန်း ဘောလုံးသမားတွေက သူတို့ရဲ့ လက်မောင်းတွေကို ချိတ်ဆက်ထားခဲ့ကြပါတယ်။ ပရိသတ် ၁၀,၀၀၀ ဆန့်တဲ့ Larnaca ဘောလုံးကွင်းမှာ လာကြည့်သူ သိပ်ကို နည်းလှတာမို့ ဘောလုံးကန်နေချိန်အတွင်း ကစားသမားတဦးနဲ့တဦး ပြောတာကိုတောင်မှ ကြားနိုင်ခဲ့ပါတယ်။
XS
SM
MD
LG