သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Crimea ရှိ ယူကရိန်းရေတပ်စခန်း ရုရှားလိုလားတဲ့ တပ်ဖွဲ့တွေသိမ်း


Crimea ဒေသက Sevastopol ဆိပ်ကမ်းမှာရှိတဲ့ ယူကရိန်း ရေတပ် ဌာနချုပ်ကို ရုရှားလိုလားတဲ့ တပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပါတယ်။ ဒါဟာ Crimea ဒေသ ရုရှားပိုင်နယ်မြေဖြစ်ကြောင်း သဘောတူစာချုပ် လက်မှတ်ထိုးပြီး နောက်တနေ့မှာ အခုလို သိမ်းပိုက်လိုက်တာလည်း ဖြစ်ပါတယ်။

အင်အား ၂၀၀ လောက် အနည်းဆုံးရှိတဲ့ Crimea ဒေသ ကိုယ်ပိုင် ကာကွယ်ရေးတပ်တွေက ရေတပ်စခန်းကို ဗုဒ္ဓဟူးနေ့မှာ ဝင်ရောက် သိမ်းပိုက်လိုက်ပြီး ရုရှားအလံကို လွှင့်တင်လိုက်တာလို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေက ခုခံခဲ့ခြင်းမရှိတဲ့အတွက် အကြမ်းဖက်မှုတော့ မဖြစ်ခဲ့ဘဲ စခန်းထဲကနေ အသာတကြည် ထွက်သွားကြတယ်လို့ ဆိုပါတယ်။

စခန်းထဲက ထွက်ခွာလာပြီးတဲ့နောက် ယူကရိန်းရေတပ်အကြီးအကဲ Sergei Gaiduk ကို ခေတ္တ ထိန်းသိမ်းထားလိုက်တယ်လို့ Sevastopol အစိုးရရှေ့နေပြောတာကို ကိုးကားပြီး ရုရှားသတင်းတွေမှာ ဖော်ပြထားပါတယ်။ Crimea ဒေသ မြို့တော် Simferopol မှာ အင်္ဂါနေ့က ရုရှားလိုလားတဲ့ ပြည်သူ့စစ်တွေနဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေအကြား ယူကရိန်းစစ်တပ်အတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့အတွက် တဘက် တဦးစီ သေဆုံးခဲ့ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်း ထောင်နဲ့ချီတဲ့ ရုရှားတပ်ဖွဲ့တွေ Crimea ဒေသကို ဝင်ရောက် သိမ်းပိုက်ထားလိုက်တာ ဖြစ်ပါတယ်။ Crimea ဒေသက လူများစု ရုရှားလူမျိုးတွေက ယူကရိန်းက ခွဲထွက်ပြီး ရုရှားနဲ့ ပေါင်းဖို့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒခံယူပွဲအတွင်း မဲခွဲ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ရုရှားနယ်စပ်နဲ့ မိုင် ၃၀ ကျော်လောက် ဝေးတဲ့နေရာမှာ ယူကရိန်းတပ်ဖွဲ့တွေ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တယ်လို့ ဝါယာသတင်းတွေမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG