သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို ရုရှား ထပ်မံကျူးကျော်မှာ အမေရိကန်စိုးရိမ်


ရုရှားနိုင်ငံက Crimea ဒေသကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ယူကရိန်းနိုင်ငံအတွင်းကို ထပ်မံ ကျူးကျော် လာနိုင်ခြေရှိနေတဲ့အပေါ် စိုးရိမ်မကင်းဖြစ်ရကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က ပြောကြားလိုက်ပါတယ်။

The Hague မြို့မှာ အင်္ဂါနေ့က Dutch ဝန်ကြီးချုပ် Mark Rutte နဲ့အတူ တွဲပြီးတော့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းနိုင်ငံအတွင်း ဆက်လက် ကျူးကျော်လာမှာကို အမေရိကန် ပြည်ထောင်စုအနေနဲ့ စိတ်ပူတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်လာမယ်ဆိုရင် ရုရှားဘက်က ဆိုးရွားတဲ့ ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။

အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ မဟာမိတ်တွေက လိုအပ်ရင် ရုရှားနိုင်ငံအပေါ် တိုးချဲ့ပြီး အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဖို့ ပြင်ဆင်ထားပါတယ်လို့ ပြောပါတယ်။ Crimea ကို ရုရှားစစ်တပ်က ထိန်းချုပ်ထားလိုက်ပြီဆိုပေမဲ့ ဒီကျွန်းဆွယ်ဒေသကို ကျူးကျော် သိမ်းပိုက်မှုဟာ လက်ခံနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါကို နိုင်ငံတကာကလည်း အသိအမှတ် မပြုဘူးလို့ မစ္စတာ အိုဘားမား က ပြောပါတယ်။

ယူကရိန်းနိုင်ငံအနေနဲ့ သူတို့ဟာ ရုရှားနဲ့ရော ဥရောပနဲ့ပါ ဆက်ဆံရေး လုပ်ကိုင်ဖို့ ဆန္ဒရှိရင် လုပ်ခွင့်ရှိတယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း ပြောပါတယ်။
ရုရှားနိုင်ငံကပြောသလို ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ နေထိုင်ကြတဲ့ ရုရှားဘာသာစကား ပြောဆိုသူတွေမှာ ခြိမ်းခြောက်ခံနေရပါတယ်ဆိုတဲ့ အထောက်အထား မတွေ့ရကြောင်း၊ တကယ်တမ်း တွေ့ရတာကတော့ ရုရှားက မြှောက်ပေးထားသူတွေကသာ ခုတုံးလုပ်ပြီး ယူကရိန်းကို ဒုက္ခရောက်အောင် လုပ်တာဖြစ်တယ်လို့ သမ္မတ အိုဘားမား က ပြောပါတယ်။

အင်္ဂါနေ့ စောစောပိုင်းတုန်းကတော့ ယူကရိန်းနိုင်ငံအပေါ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်အတွက် ကမ္ဘာ့ထိပ်သီး စက်မှုနိုင်ငံ ၈ နိုင်ငံပါဝင်တဲ့ G-8 အဖွဲ့တွင်းကနေ ရုရှားနိုင်ငံကို ထုတ်ပစ်လိုက်တဲ့ ကိစ္စကို ရုရှားအစိုးရက ပယ်ချခဲ့ပါတယ်။
XS
SM
MD
LG