သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း အရှေ့ပိုင်းခွဲထွက်ရေးလှုပ်ရှားမှု အစိုးရဖြိုခွင်းမည်


ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ရုရှားဘာသာစကားပြောတဲ့သူတွေဆီကနေ ဖုန်းဆက်အကူအညီတောင်းတာတွေ ထောင်နဲ့ချီလက်ခံရရှိခဲ့တယ်လို့ ရုရှားအစိုးရဘက်က သတင်းတွေထွက်ပေါ်လာတာနဲ့အမျှ အဲဒီဒေသမှာရှိတဲ့ ရုရှားလိုလားတဲ့ ခွဲထွက်သမားတွေကို စစ်ရေးအရ ထိုးစစ်ဆင်တာတွေ ဆက်လုပ်သွားမယ်လို့ ယူကရိန်းဘက်က ပြောလိုက်ပါတယ်။

ယူကရိန်းတပ်တွေဟာ ကရာမာတော့စ် (Kramatorsk) မြို့က သူပုန်တွေသိမ်းယူထားတဲ့ အစိုးရ အဆောက်အအုံတွေနဲ့ ရုပ်မြင်သံကြား တာဝါတိုင်ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းပြည်ထဲရေးဝန်ကြီး Arsen Avakov က ပြောလိုက်ပါတယ်။

အခုလို ယူကရိန်းဘက်က ထိုးစစ်ဆင်လာတာကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က မဆုံးဖြတ်ရသေးဘူးလို့ ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Dmitri Peskov က မော်စကိုမြို့မှာ ပြောကြားလိုက်ပါတယ်။

အိုဒက်ဆာမြို့မှာ သောကြာနေ့က ဖြစ်ခဲ့တဲ့ အဲဒီ ထိုးစစ်ဆင်မှုကြောင့် ၄၂ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အများစုက ရုရှားအစိုးရထောက်ခံသူတွေ ဖြစ်ကြပါတယ်။ ယူကရိန်းနိုင်ငံနဲ့ ကပ်နေတဲ့ နယ်စပ်တလျှောက်မှာတော့ ရုရှားနိုင်ငံဘက်က စစ်သည်အင်အား ၄ သောင်း အပါအဝင် စစ်ကားတွေ အများအပြားကို ရုရှားဘက်က ချထားပါတယ်။

တချိန်တည်းမှာပဲ အိုဒက်ဆာမြို့မှာ သောကြာနေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း သေဆုံးသွားတဲ့သူတွေအတွက် ၂ ရက်ကြာ ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် ယူကရိန်းအစိုးရက ကြေညာခဲ့ပါတယ်။
XS
SM
MD
LG