သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းပဋိပက္ခ သံတမန်ရေး အဖြေရှာဖို့ အနောက်နိုင်ငံတွေ ကြိုးပမ်း


ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague
ယူကရိန်းနိုင်ငံ Crimea ကျွန်းဆွယ်က ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ကြရေး အနောက်နိုင်ငံတွေက တွန်းအားပေးနေကြပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံ တာဝန်ရှိသူတွေအကြား အပြန်အလှန် ဆက်သွယ်နိုင်ကြဖို့အတွက် အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံက သံခင်းတမန်ခင်း အခွင့်အလမ်းတွေကို အဘက်ဘက်က ရှာဖွေ ကြံဆနေကြတဲ့အကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague က ပြောဆိုလိုက်ပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မနက်က ကျင်းပတဲ့ Budapest သဘောတူညီမှု အစည်းအဝေးကို အမေရိကန်၊ ယူကရိန်းနဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ခဲ့ကြပေမဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးကတော့ တက်ရောက်ခြင်းမရှိပါဘူး။

၁၉၉၀ ပြည့်နှစ်တွေတုန်းက အမေရိကန်၊ ဗြိတိန်နဲ့ ရုရှားနိုင်ငံတို့က ယူကရိန်းနိုင်ငံရဲ့ ပိုင်နက်နယ်မြေ အချုပ်အခြာ စိုးမိုးမှုကို ထောက်ခံကြဖို့အတွက် Budapest နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ရုရှားနဲ့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးတို့ ဒီညနေပိုင်းမှာ တွေ့ဆုံနိုင်ကြအောင် သူ ထပ်ပြီး ကြိုးစားဦးမယ်လို့ ဝန်ကြီး William Hague က ပြောပါတယ်။ တကယ်လို့ သံတမန်ရေး ကြိုးပမ်းတာ မအောင်မြင်ခဲ့ရင်တော့ ရုရှားအတွက် တန်ဘိုးကြီးကြီး ပေးဆပ်ရမယ့် အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မစ္စတာ Hague က ထပ်လောင်း ပြောဆိုလိုက်ပါတယ်။

ရုရှားအနေနဲ့ ယူကရိန်း၊ ဂျော်ဂျီယာနဲ့ မော်လ်ဒိုဗာ စတဲ့ နိုင်ငံတွေအပေါ် ဝင်ရောက် စွက်ဖက်ခဲ့တဲ့ အစဉ်အလာအတိုင်း ရေရှည် ဆက်လုပ်သွားမယ်ဆိုရင် ကျန် ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ ပုံစံ ပြောင်းလဲသွားနိုင်တာကို ထည့်သွင်း စဉ်းစားသင့်တယ်လို့ ဆိုပါတယ်။

ရုရှားသမ္မတကတော့ ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အနှောင့်အယှက်ဖြစ်စေမယ့် နိုင်ငံရေး တင်းမာမှုတွေကို မလိုလားဘူးလို့ ဒီကနေ့ ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG