သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေး တင်းမာချိန် ကန်စစ်သားတွေ ပိုလန်ကိုဆင်းသက်


ရုရှားက ယူကရိန်းနိုင်ငံအရှေ့ပိုင်း ခရိုင်းမီးယားဒေသကို သိမ်းပိုက်လိုက်ပြီးနောက် အရှေ့ဥရောပက မဟာမိတ်နိုင်ငံတွေရဲ့ စိုးရိမ်မှုတွေ လျော့ပါးစေအောင် စစ်ရေးဆောင်ရွက်မှု စတင်ပြုလုပ်တဲ့အနေနဲ့ ဗုဒ္ဓဟူးနေ့က အမေရိကန်ကြည်းတပ် လေထီးတပ်သားတွေ ပိုလန်နိုင်ငံကို ဆင်းသက်ခဲ့ကြပါတယ်။

တလကြာပြုလုပ်မဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း တပ်ဖွဲ့ဝင် ၆၀၀ ဝန်းကျင် ပါဝင်မှာဖြစ်ပြီး၊ အဲဒီအထဲမှာ အီတလီနိုင်ငံမှာ အခြေစိုက်တဲ့ လေကြောင်းတိုက်ခိုက်ရေး တပ်ဖွဲ့ဝင် ၁၅၀ လည်း ပါဝင်မှာဖြစ်တယ်လို့ အမေရိကန် ပန်တာဂွန် စစ်ဌာနချုပ်က ပြောပါတယ်။ တခြားတပ်ဖွဲ့တွေကိုလည်း Estonia, Latvia နဲ့ Lithuania နိုင်ငံတွေမှာ ချထားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ယူကရိန်းနိုင်ငံက ယာယီ စစ်ရပ်စဲထားတာကို ဖျက်သိမ်းလိုက်ပြီး ရုရှားနိုင်ငံနယ်စပ်မှာရှိတဲ့ ယူကရိန်းမြို့ကြီးတွေက အစိုးရပိုင် အဆောက်အုံတွေကို သိမ်းပိုက်ထားတဲ့ လက်နက်ကိုင် ရုရှားကိုလိုလားသူ ခွဲထွက်ရေးသမားတွေကို ဖြိုခွဲဖို့ ပြန်လည် စတင်လိုက်ပြီး နောက်တရက်မှာ အခုလို အမေရိကန် တပ်ဖွဲ့ဝင်တွေ ပိုလန်နိုင်ငံကို လေထီးနဲ့ ဆင်းသက်ခဲ့တာပါ။

ရုရှားအစိုးရကလည်း တုံ့ပြန်တဲ့အနေနဲ့ ဒေသတွင်းမှရှိတဲ့ ရုရှားဘာသာစကားပြော ပြည်သူတွေရဲ့ အကျိုးစီးပွားတွေကို တိုက်ခိုက်မယ်ဆိုရင် လက်တုံ့ပြန်ရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

ယူကရိန်းအစိုးရကတော့ သူတို့ပြုလုပ်မယ့် စစ်ဆင်ရေးဟာ အကြမ်းဖက်သမား တိုက်ဖျက်ရေး ဖြစ်တယ်လို့ ဆိုပါတယ်။ သူပုန်တွေ ထိန်းချုပ်ထားတဲ့ Slovyansk မြို့မှာ ယူကရိန်းယာယီသမ္မတရဲ့ ပါတီဝင် နိုင်ငံရေးသမားတဦးနဲ့ တခြားတယောက်ကို သတ်ထားတဲ့ အလောင်းတွေ တွေ့ခဲ့ရပြီးတဲ့နောက် အခုလို စစ်ဆင်ရေးပြုလုပ်ဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG