သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းသမ္မတ ရွေးချယ်ခံအား အမေရိကန် အပြည့်အဝထောက်ခံ


ယူကရိန်းနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သူ Petro Poroshenko ကို အမေရိကန်သမ္မတ Barack Obama က တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။ နိုင်ငံစည်းလုံးညီညွတ်မှု ရရှိအောင်နဲ့ ရှေ့ကိုဆက်သွားနိုင်ဖို့ ဆောင်ရွက်မှုတွေမှာ အမေရိကန်ပြည်ထောင်စုက အပြည့်အဝ ထောက်ခံသွားမယ်လို့ သမ္မတအိုဘားမားက ပြောကြားခဲ့တဲ့အကြောင်း အိမ်ဖြူတော်က အသိပေးပါတယ်။

ယူကရိန်း ပြည်သူအားလုံးရဲ့ မျှော်မှန်းချက်အတိုင်း နိုင်ငံ စနစ်တကျဖြစ်အောင် ပြန်လုပ်ဖို့နဲ့ ယူကရိန်းနိုင်ငံရဲ့ စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ ရင်းနှီးမြှုပ်နှံသူတွေကို စွဲဆောင်နိုင်ဖို့နဲ့ ပွင့်လင်းမြင်သာပြီး ယုံကြည်ရတဲ့ အစိုးရဖြစ်နိုင်ဖို့ ပြုပြင်ပြောင်းလဲမှုတွေကို အမြန်ဆုံးလုပ်ဖို့ လိုအပ်တယ်ဆိုတာကို သမ္မတ အိုဘားမား အလေးထား ပြောခဲ့တယ်လို့လည်း အိမ်ဖြူတော်က ပြောပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပွားနေတဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားပြီး ပြဿနာဖြစ်နေတဲ့ နိုင်ငံအရှေ့ပိုင်းမှာ အစိုးရပြန်လည် ထိန်းချုပ်နိုင်ဖို့ ငြိမ်းချမ်းတဲ့ နည်းလမ်း သက်သက်နဲ့သာ အဖြေရှာဖို့ ယူကရိန်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံအရှေ့ပိုင်း Donetsk မြို့ လေဆိပ်မှာ တနင်္လာနေ့က လေကြောင်းတိုက်ခိုက်မှုတွေ၊ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာနဲ့ပတ်သက်လို့ မစ္စတာ ဘန်ကီမွန်း ပြောကြားခဲ့တာ ဖြစ်တယ်လို့ ကုလသမဂ္ဂပြောခွင့်ရသူက နယူးယောက်မြို့မှာ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG