သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းမှာ တပ်ချခွင့်ပန်ကြားချက် ရုပ်သိမ်းဖို့ လွှတ်တော်ကို ပူတင် ပန်ကြား


ရုရှားသမ္မတ Vladimir Putin
ရုရှားသမ္မတ Vladimir Putin
ယူကရိန်းမှာရှိတဲ့ ရုရှားစကားပြော ယူကရိန်းနိုင်ငံသားတွေနဲ့ ရုရှားနိုင်ငံသားတွေကို အကာအကွယ် ပေးဖို့အတွက် သမ္မတ Vladimir Putin ကို ရုရှားတပ်တွေ စေလွှတ်ခွင့် ပေးထားတာကို ပြန်ပြီး ရုတ်သိမ်းဖို့ ရုရှားအထက်လွှတ်တော်ကို သမ္မတပူတင် ပန်ကြားခဲ့ပါတယ်။ ယူကရိန်းက ရုရှားလိုလားတဲ့ သမ္မတဖြုတ်အချခံခဲ့ရတဲ့ နောက်ပိုင်း ယူကရိန်းမှာ ရုရှားတပ်တွေ ချထားခွင့်ရဖို့ မစ္စတာပူတင်က အထက်လွှတ်တော်ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ယူကရိန်းအရှေ့ပိုင်းဒေသ အခြေအနေတွေ တည်ငြိမ်လာစေဖို့ လုပ်ဆောင်တဲ့ ခြေလှမ်းသစ်တရပ် ဖြစ်သလို ဒီပြဿနာကို ၃ ပွင့်ဆိုင် ဆွေးနွေး အဖြေရှာရေးအတွက်ပါ ပါဝင်တယ်လို့ ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov က အင်္ဂါနေ့မှာ ပြောပါတယ်။

အခုလို လုပ်ဆောင်ချက်ကို ယူကရိန်းသမ္မတ ပေထရို ပိုရိုရှန်ကို က ကြိုဆိုလိုက်ပြီး မစ္စတာပူတင်ရဲ့ လက်တွေ့ကျတဲ့ ပထမခြေလှမ်းဟာ ငြိမ်းချမ်းရေး အစီအစဉ်အတွက် အထောက်အကူ ဖြစ်စေတယ်လို့ မြင်ကြောင်းပြောပါတယ်။

တနင်္လာနေ့ အစောပိုင်းတုန်းက မစ္စတာ ပိုရိုရှန်ကိုရဲ့ အပစ်ရပ်ရေးအတိုင်း ဇွန်လ ၂၇ ရက်နေ့အထိ သူတို့ဘက်က အပစ်အခတ် ရပ်စဲထားမှာဖြစ်ကြောင်း ယူကရိန်းအရှေ့ပိုင်းမှာ တိုက်ခိုက်နေတဲ့ ခွဲထွက်ရေးခေါင်းဆောင်က ပြောပါတယ်။ ဒါဟာ ရုရှားနဲ့ ယူကရိန်း ညှိနှိုင်းရေးမှူးတွေရဲ့ ဆွေးနွေးပွဲကို သူပုန်တွေပါ တက်ရောက်ခဲ့ချိန်မှာ ပြောကြားခဲ့တာမို့ တိုးတက်မှုရှိတယ်လို့ ယူကရိန်းကိုယ်စားလှယ်အဖြစ် ဆွေးနွေးခဲ့တဲ့ အရင် သမ္မတဟောင်း Leonid Kuchma က ပြောပါတယ်။

ဒီသီတင်းပတ်ထဲမှာပဲ နောက်ဆွေးနွေးပွဲတွေ ဆက်ပြီး ကျင်းပဖို့ ရှိပါတယ်။ တနင်္လာနေ့ နှောင်းပိုင်းမှာတော့ ရုရှားသမ္မတ Vladimir Putin ကို အမေရိကန်သမ္မတ Barack Obama က တယ်လီဖုန်းဆက်ပြီး ယူကရိန်းခေါင်းဆောင် ပိုရိုရှန်ကို တင်ပြခဲ့တဲ့ အစီအစဉ်ကို လက်တွဲ အကောင်ထည်ဖော်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ရုရှားဘက်က လက်နက်တွေ နယ်စပ်ကျော်ဖြတ်ပြီး ယူကရိန်းထဲ မရောက်စေဖို့နဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေ တပတ်ကြာ အပစ်ရပ်ရေးမှာ ပါဝင်အောင် မစ္စတာ ပူတင်က ဖိအားပေးဖို့ ပန်ကြားခဲ့တယ်လို့ အမေရိကန် သမ္မတအိမ်ဖြူက ပြောပါတယ်။
XS
SM
MD
LG