သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းပြဿနာကြီးထွားရင် အိုဘားမား ရုရှားအပေါ် ပိတ်ဆို့မှုချမည်


အိမ်ဖြူတော်ပြောခွင့်ရ Josh Earnest
အိမ်ဖြူတော်ပြောခွင့်ရ Josh Earnest

ယူကရိန်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ အရှိန်လျော့ကျရေး မလုပ်ဆောင်ရင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု အသစ်တွေ ချမှတ်သွားဖို့ အဆင်သင့်ပဲလို့ သမ္မတ အိုဘားမား အစိုးရက ပြောလိုက်ပါတယ်။ ဒါပေမဲ့ အမေရိကန်က ချမှတ်မယ့် ပိတ်ဆို့မှုအသစ်တွေအပေါ် ဥရောပနဲ့ အမေရိကန် ထုတ်ကုန်လုပ်ငန်းရှင်တွေထံက ညီညွတ်တဲ့ ထောက်ခံမှု မရခဲ့ဘူးလို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

အသစ်ချမှတ်ဖို့ ပြင်ဆင်နေတဲ့ ပိတ်ဆို့ အရေးယူမှုတွေထဲမှာ ရုရှားနိုင်ငံက ဘဏ်လုပ်ငန်း၊ လောင်စာဆီလုပ်ငန်းနဲ့ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေဖြစ်ပြီး ယူကရိန်းနိုင်ငံထဲ တင်ပို့နေတဲ့ စစ်လက်နက် ပစ္စည်းတွေနဲ့ တိုက်ခိုက်ရေးသမားတွေကို ရုရှားအနေနဲ့ ဟန့်တားနိုင်ခြင်းမရှိရင် အဲဒီ အရေးယူမှုတွေကို ထပ်မံ ချမှတ်သွားမှာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ Josh Earnest က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ တိုက်ပွဲဝင်နေတဲ့ ရုရှားလိုလားတဲ့ အုပ်စုတွေ လက်နက်ချဖို့ ရုရှားသမ္မတ Vladimir Putin အနေနဲ့ တောင်းဆိုသင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က နေတိုးတပ်ဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကို Brussels မြို့မှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ယူကရိန်းနိုင်ငံ တည်ငြိမ်ရေးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်ပေါ်ရေးအတွက် ရုရှားသမ္မတအနေနဲ့ ကတိပေး ဆောင်ရွက်သင့်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ က ပြောပါတယ်။

အမေရိကန်အနေနဲ့ ရုရှားအပေါ် တဖက်သတ် ပိတ်ဆို့အရေးယူမှု အသစ်တွေ ချမှတ်လိုက်ရင် အမေရိကန် စီးပွားရေး လုပ်ငန်းတွေကို ထိခိုက်ယုံတင်မကဘဲ အလုပ်ပြုတ်တဲ့အထိ ဖြစ်လာနိုင်တယ်ဆိုပြီး အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ အကြီးအကဲတွေက စည်းရုံး ပြောဆိုနေတဲ့အချိန် ပိတ်ဆို့မှုအသစ်တွေ ချမယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာပါ။

XS
SM
MD
LG