သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားလေယာဉ်ပျက်ကျမှု ရှာဖွေစုံစမ်းရေးရပ်ဆိုင်း


ယူကရိန်းနိုင်ငံအရှေ့ပိုင်း မလေးရှားလေယာဉ် ပစ်ချခံလိုက်ရတဲ့ နေရာအနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက လေယာဉ်ပျက်ကိစ္စကို စုံစမ်းစစ်ဆေးနေကြတဲ့ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးမှူးတွေအတွက် အန္တရာယ်များလွန်းတာကြောင့် အဲဒီလူတွေကို Dutch ဝန်ကြီးချုပ် Mark Rutte က ပြန်လည် ခေါ်ယူလိုက်ပါတယ်။

မစ္စတာ Rutte က The Hague မြို့မှာ ဗုဒ္ဓဟူးနေ့က အဲဒီလို ပြောကြားလိုက်တာဖြစ်ပြီး၊ လေယာဉ် ပျက်ကျတဲ့နေရာမှာ ကျန်နေသေးတဲ့ အလောင်းတွေကို ဆက်လက် ရှာဖွေမယ့် အစီအစဉ်တွေကို ဘယ်တော့ ပြန်စမယ်ဆိုတဲ့ အချိန်ဇယားကိုတော့ ထည့်သွင်း ပြောဆိုသွားခြင်း မရှိပါဘူး။ ယူကရိန်းနိုင်ငံမှာ ဒီထက် ပိုမို တည်ငြိမ်မှု ရှိလာမှသာ ရှာဖွေရေး လုပ်ငန်းတွေကို ဆက်လက် ပြုလုပ်မယ်လို့ပဲ ပြောကြားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်း သူပုန်တွေ ထိန်းချုပ်ထားတဲ့ Nonetsk မြို့အနီးမှာ မလေးရှား လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ် အမှတ် MH17 ဟာ ခရီးသည် ၂၉၈ ယောက်နဲ့အတူ ဇူလိုင်လ ၁၇ ရက်နေ့က ပစ်ချခံလိုက်ရတာ ဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံမြို့တော် Amsterdam ကနေ ကွာလာလမ်ပူမြို့ကို ပျံသန်းနေတဲ့ အဲဒီလေယာဉ်အပေါ် ပါသွားတဲ့ ခရီးသည်အများစုဟာ Dutch လူမျိုးတွေ ဖြစ်ပါတယ်။ လေယာဉ်ပေါ်ပါသွားသူအားလုံး သေဆုံးသွားပါတယ်။ အခုချိန်ထိ ပြန်လည် တွေ့ရှိပြီးဖြစ်တဲ့ ၂၂၈ လောင်းကို နယ်သာလန်နိုင်ငံကို ပြန်သယ်သွားပြီး ဖြစ်ပါတယ်။

ဒီအတောအတွင်း ယူကရိန်းတပ်ဖွဲ့တွေနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေအကြား ဗုဒ္ဓဟူးနေ့က ရုရှားနယ်စပ်အနီးမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ငြိမ်းချမ်းရေး ထိန်းသိမ်း စောင့်ရှောက်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ရုရှားတပ်ဖွဲ့ပါ ဝင်တိုက်တာတွေ ဖြစ်နိုင်တယ်လို့ နေတိုးအဖွဲ့က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG