သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း Donetsk အနီးတဝိုက် လက်နက်ကြီးများပစ်ခတ်


ယူကရိန်းနိုင်ငံ လွှတ်တော်ရွေးကောက်ပွဲ ကျင်းပပြီး နောက်တနေ့ဖြစ်တဲ့ တနလာၤနေ့မှာတော့ ရုရှားလိုလားသူ ယူကရိန်းသူပုန်တွေ အားကောင်းရာ ယူကရိန်းအရှေ့ပိုင်း Donetsk မြို့ ဆင်ခြေဖုံးအရပ်မှာ လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါတယ်။ စက်သေနတ်သံတွေ၊ ပေါက်ကွဲသံတွေ ကြားနေရပြီး တိုက်ခိုက်မှု ပြင်းထန်တယ်လို့ Donetsk မြို့တော်ဝန်ရုံးက ပြောပါတယ်။

ယူကရိန်းအစိုးရနဲ့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေကြား စက်တင်ဘာလမှာ အပစ်အခတ် ရပ်ဆဲရေး ရရှိထားတဲ့ကြားကဘဲ ဒေသတွင်းမှာတော့ အတော်လေး တင်းတင်းမာမာ ရှိနေသေးတာ ဖြစ်ပါတယ်။ မနေ့ တနင်္ဂနွေနေ့ လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲမှာလည်း ယူကရိန်း အရှေ့ပိုင်းက မဲဆန္ဒရှင် ၃ သန်းနီးပါး မဲပေးခွင့် မရခဲ့ပါဘူး။

ယူကရိန်းသမ္မတ Petro Poroshenko ကတော့ သူတွန်းအားပေးနေတဲ့ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေး၊ ဥရောပသမဂ္ဂနဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံရေးကို အင်တိုက်အားတိုက် ထောက်ခံကြောင်း အခု ဆန္ဒမဲတွေက ပြသနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ မဲဆန္ဒ ကောက်ယူမှု ၂ ခုအရ လက်ရှိ သမ္မတ Petro Poroshenko အဖွဲ့နဲ့ တခြား ဥရောပလိုလားသူ ပါတီတွေက ရွေးကောက်ပွဲကို ဦးဆောင်နေပါတယ်။

လက်ရှိ ဆန္ဒမဲ ကောက်ယူမှု ရလဒ်တွေအရ မစ္စတာ Poroshenko ရဲ့ အဖွဲ့က မဲရလဒ် ၂၃ ရာခိုင်နှုန်း ရရှိထားပြီး၊ ဒီအရေအတွက်က လွှတ်တော်တွင်းမှာ အများစု ကြီးစိုးနိုင်မယ့် အရေအတွက်တော့ မဟုတ်ပါဘူး။ ဝန်ကြီးချုပ် Arseniy Yatsenyuk ရဲ့ Popular Front ကတော့ မဲရလဒ် ၂၁ ရာခိုင်နှုန်းနဲ့ နောက်က လိုက်နေပါတယ်။

အပြိုင်ပါတီကြီးတွေက ဦးဆောင်နေတာ ဖြစ်ပေမဲ့လို့လည်း မစ္စတာ Poroshenko ရော၊ မစ္စတာ Yatsenyuk နှစ်ဦးစလုံးတို့က ဥရောပသမဂ္ဂနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ပြန်လည် ထူထောင်ဖို့၊ နောက် နိုင်ငံရဲ့ ဒေဝါလီခံရလုဆဲဆဲ အခြေအနေကနေ ပြန်လည်ဆွဲတင်ဖို့ လိုအပ်တယ်လို့ အများက ရှုမြင်ထားတဲ့ ကိစ္စအပေါ် ပြုပြင်ပြောင်းလဲရေးအတွက် နှစ်ဘက်စလုံးတို့က စည်းရုံးခဲ့ကြတာပါ။ ညွန့်ပေါင်းဆွေးနွေးပွဲတွေကိုတော့ တနင်္လာနေ့မှာ စတင်ကြဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG