သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းငြိမ်းချမ်းရေးထောက်ခံဖို့ ပူတင်ကို အိုဘားမားတိုက်တွန်း


အမေရိကန်သမ္မတ Barack Obama က ရုရှားသမ္မတ Vladimir Putin ထံကို အင်္ဂါနေ့မှာ ဖုန်းဆက်ပြီး Belarus မှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ ယူကရိန်းနိုင်ငံ ငြိမ်းချမ်းရေး သဘောတူညီမှု ရရေးအတွက် လေးနိုင်ငံ ထိပ်သီး ဆွေးနွေးပွဲကို ထောက်ခံဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

မစ္စတာ အိုဘားမားရဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုကြောင်း သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန်မှု မတိုင်ခင်မှာဘဲ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Kramatorsk မြို့မှာ အင်္ဂါနေ့က ရော့ကက်နဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာမှာ ရုရှားက ထောက်ခံမှုပေးထားတဲ့ ခွဲထွက်ရေးသူပုန်တွေကို စစ်ဆင်ရေး လုပ်နေတဲ့ ယူကရိန်းစစ်တပ်ရဲ့ ဌာနချုပ်နဲ့ အရပ်သားတွေ နေထိုင်ရာရပ်ကွက်ကို ထိမှန်ခဲ့ပါတယ်။

ကနဦး ရရှိထားတဲ့ သတင်းအချက်လက်တွေအရ သူပုန်တွေရဲ့ ရော့ကက် ပစ်ခတ်မှုကြောင့် Kramatorsk မှာ လူ ၁၂ ယောက် သေဆုံးခဲ့ပြီး၊ ကလေး ၅ ယောက် အပါအဝင် လူပေါင်း ၈၀ ကျော် ဒဏ်ရာရရှိသွားတယ်လို့ ယူကရိန်း အစိုးရက ပြောပါတယ်။

သမ္မတ အိုဘားမားက တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောစဉ် တိုက်ပွဲတွေကြောင့် လူတွေထိခိုက်သေဆုံးမှု တိုးများလာနေတာကို ထောက်ပြခဲ့တယ်လို့ အိမ်ဖြူတော် ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မစ္စတာပူတင်အနေနဲ့ ရရှိတဲ့ အခွင့်အရေးကို ဆုတ်ကိုင်ဖို့ အရေးကြီးကြောင်းနဲ့ ဗုဒ္ဓဟူးနေ့ Minsk မှာ ပြင်သစ်၊ ဂျာမနီ၊ ယူကရိန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို ထောက်ခံမှုပေးဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားနိုင်ငံဟာ ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေကို ထောက်ခံမှု ပေးထားပြီး တပ်ဖွဲ့ဝင်တွေ၊ နည်းဗျူဟာတွေနဲ့ စစ်လက်နက်ကြီးတွေ ထောက်ပံ့ပေးနေတယ်လို့ ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက စွပ်စွဲကြတာပါ။ တစ်နှစ်နီးပါး ကြာမြင့်နေပြီဖြစ်တဲ့ ယူကရိန်းနိုင်ငံက ပဋိပက္ခအတွင်း လူပေါင်း ၅ ထောင် ၄ ရာထက် မနည်း သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

XS
SM
MD
LG