သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသူတွေ သေဆုံးမှု ယူကရိန်း အိုလံပစ် အားကစားသမားတွေ ကန့်ကွက်


ပြိုင်ပွဲက နှုတ်ထွက်လိုက်တဲ့ ယူကရိန်းအားကစားမယ် Bogdana Matsotska (ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄)
ပြိုင်ပွဲက နှုတ်ထွက်လိုက်တဲ့ ယူကရိန်းအားကစားမယ် Bogdana Matsotska (ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄)
လူအများအပြား သေဆုံးခဲ့တဲ့အထိ ဆန္ဒပြပွဲတွေကို နှိမ်နင်းခဲ့တဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ ယူကရိန်း အားကစားမယ်တဦး ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ အိုလံပစ်အားကစားပွဲက ထွက်လိုက်ပါတယ်။ တိုင်းပြည်မှာ လူတွေ သေကြေနေတဲ့ အချိန်မျိုးမှာ သူ့အနေနဲ့ ဆက်လက် ယှဉ်ပြိုင်လိုစိတ် မရှိတော့တဲ့အကြောင်း အသက် ၂၄ နှစ်အရွယ် ရေခဲပြင်စကီးစီး ချန်ပီယံ Bogdana Matsotska ကပြောဆိုခဲ့တာပါ။ ဆိုချီမြို့က ဆောင်းရာသီ အိုလံပစ်ပွဲမှာ သူ့အတွက် တတိယပွဲစဉ်လည်းဖြစ်၊ အခွင့်အလန်း အကောင်းဆုံးလည်းဖြစ်တဲ့ သောကြာနေ့ စကီးစီးပွဲမှာ ဆက်မပြိုင်ဖို့ ဆုံးဖြတ်ချက်ကိုတော့ နည်းပြလည်းဖြစ်၊ ဖခင်လည်းဖြစ်သူ ကိုယ်တိုင်က အားပေးကြောင်းလည်း ပြောပါတယ်။

သွေးထွက်သံယို ဖြစ်ရပ်တွေအတွက် ယူကရိန်း သမ္မတ Viktor Yanukovych မှာ တာဝန်ရှိတယ်လို့လည်း သူက အပြစ်တင်ခဲ့တာပါ။ ယူကရိန်း အားကစားသမားတွေကလည်း ပဋိပက္ခမှာ သေဆုံးခဲ့သူတွေကို စာနာကြောင်း ပြသတဲ့ အနေနဲ့ လက်ပတ်အမည်းတွေ ဝတ်ဆင်ကြဖို့ စီစဉ်ခဲ့ကြပေမဲ့ အိုလံပစ် အားကစားပွဲ စည်းကမ်းနဲ့ မညီတဲ့အတွက် လုပ်ခွင့်မရခဲ့ကြပါဘူး။

အိုလံပစ်ကော်မတီနဲ့ ဆွေးနွေးပြီးနောက်မှာတော့ တခြားနည်းလမ်းနဲ့ စာနာမှုကို ပြသဖို့ သဘောတူညီချက် ရခဲ့တဲ့အကြောင်း ယူကရိန်းအိုလံပစ် အားကစားအသင်း အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့သလို၊ အိုလံပစ်ရွာမှာ တမိနစ်တာ ငြိမ်သက်ဂုဏ်ပြုတာတွေလည်း လုပ်ခဲ့ကြပါတယ်။

ကြာသပတေးနေ့က အိုလံပစ် ပွဲစဉ်တွေမှာတော့ ကနေဒါအမျိုးသမီး ရေခဲပြင်ဟော်ကီအသင်းက အမေရိကန်ကို ၃ ပွဲ ၂ ပွဲနဲ့ အနိုင်ရပြီး ရွှေတံဆိပ် ဆွတ်ခူးသွားခဲ့ပါတယ်။ အမျိုးသမီး စကိတ်စီးကပြတဲ့ပွဲမှာတော့ လက်ရှိချန်ပီယံ တောင်ကိုရီးယားက Kim Yuna ကို အနိုင်ယူပြီး၊ ရုရှားနိုင်ငံက Adelina Sotnikova က ရွှေတံဆိပ်ရရှိခဲ့တာပါ။ ကြာသပတေးနေ့အထိ ဆုရရှိမှု စုစုပေါင်းမှာတော့ အမေရိကန်က ၂၅ ခုနဲ့ အများဆုံး ဖြစ်နေပြီး၊ ရွှေတံဆိပ်ရရှိမှုမှာတော့ စုစုပေါင်း ၁၀ ခုရထားတဲ့ နော်ဝေနိုင်ငံက ဦးဆောင်နေပါတယ်။
XS
SM
MD
LG