ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေရဲ့ ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် အစိုးရတပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးပြီး ၉၃ ဦး ထိခိုက် ဒဏ်ရာရ သွားတယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ရုရှားနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ Luhansk ဒေသက Zelenopillya ရွာကလေးကို သူပုန်တွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုမှာ တာဝန်ရှိသူတွေကို တွေ့အောင်ရှာပြီး ချေမှုန်းပစ်မယ်လို့ ယူကရိန်း သမ္မတ Petro Poroshenko က ပြောပါတယ်။ ယူကရိန်း စစ်သား တယောက်တိုင်း အတွက် သူပုန်တပ်ဖွဲ့ဝင် တစ်ရာနဲ့ ပေးဆပ်ရမယ်လို့ သမ္မတက ပြောပါတယ်။
ဇွန်လကုန်ပိုင်းမှာ ယူကရိန်းအစိုးရက တဖက်သတ် အဆိုပြုထားတဲ့ အပစ်အခတ် ရပ်စဲရေး သက်တမ်းကုန်သွားပြီးကတည်းက တိုက်ပွဲတွေ တိုးမြင့် ဖြစ်ပေါ် လာနေတာပါ။ အဲဒီအချိန်ကစလို့ သူပုန်တပ်ဖွဲ့တွေရဲ့ အဓိကကျတဲ့ Slovyansk အပါအဝင် မြို့အတော်များများကို ယူကရိန်းတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒီအတောအတွင်း ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေက သူတို့ ဖမ်းဆီး ထားတဲ့သူတွေကို မရှုစိမ့်စရာကောင်းလောက်တဲ့အထိ ညှဉ်းပမ်းနှိပ်စက်နေတဲ့ သက်သေ အထောက်အထားတွေ ရရှိထားတဲ့အကြောင်း Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ပြောပါတယ်။