သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ထားတဲ့ရခိုင်ပြည်နယ်မှာ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင် (AA ပြောခွင့်ရ)


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ရှေးဟောင်းစေတီပုထိုးနဲ့ ဆည်းဆာရှုခင်း။ (နိုဝင်ဘာ ၈၊ ၂၀၁၂)
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ရှေးဟောင်းစေတီပုထိုးနဲ့ ဆည်းဆာရှုခင်း။ (နိုဝင်ဘာ ၈၊ ၂၀၁၂)

{{Zawgyi/Unicode}}

ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြားမှာ တင်းမာနေဆဲဖြစ်ပြီး အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။ ၂ ဘက်ကြား အပစ်အခတ်ရပ်စဲထားတာ ၁ နှစ် အကြာမှာ တိုက်ပွဲတွေ ပြန်မဖြစ်အောင် ကြားဝင်ညှိနှိုင်းပေးနေတဲ့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Yohei Sasakawa ကတိုက်တွန်းပြောကြားနေချိန်မှာ ခုလို AA ဘက်ကပြောကြားလိုက်တာပါ။ ဒီအကြောင်းရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲထားတာ ၁ နှစ်ကျော်ချိန်မှာပဲ တိုက်ပွဲတွေ အချိန်မရွေးဖြစ်နိုင်တဲ့ အခြေအနေဖြစ်နေတယ် လို့ AA ဘက်ကပြောပါတယ်။ AA နဲ့ စစ်တပ်ကြား အပစ်အခတ်ရပ်စဲဖို့ ကြားဝင်ဆောင် ရွက်ပေးခဲ့တဲ့ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Yohei Sasakawa က တိုက်ပွဲတွေ ပြန်မဖြစ်ရေး ဆက်ပြီးတိုက်တွန်းနေချိန်မှာပဲ AA အဖွဲ့ဘက်က ခုလိုပြောကြားလိုက် တာဖြစ်ပါတယ်။

မောင်တောမြို့နယ်ထဲမှာ အခုနိုဝင်ဘာလထဲ ၂ ဘက်အပြန်အလှန် ပစ်ခတ်မှု ၂ ကြိမ်ဖြစ်ခဲ့ပြီးနောက် အခြေအနေတွေ တင်းမာနေတယ်လို့ ရခိုင်လက်နက်ကိုင်AA အဖွဲ့ပြောခွင့်ရ ခိုင်သုခကဗွီအိုအေကို ပြောပါတယ်။

“မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်ညှိုနှိုင်းပေးမှုကြောင့် ရခိုင်ဒေသမှာ တိုက်ပွဲတွေ ငြိမ်သက်နေမလားဆိုတာကတော့ ကံသေကံမ အတိအကျ ပြောဖို့ခက်ပါတယ်။ သူ စေ့စပ် ညှိနိုင်းပေးတာတော့ မှန်ပါတယ်။ ဒါပေမယ့်လည်း မြေပြင်မှာက တင်းမာမှုတချို့ကတော့ ဆက်လက်ပြီးတော့ ရှိနေဆဲဖြစ်ပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်ဖို့ မဖြစ် ဘူးဆိုတာကတော့ မြန်မာစစ်တပ်ပေါ်မှာ အများကြီးမူတည်ပါတယ်။ သူတို့ဘက်က ထိုးစစ်ဆင်လာလို့ရှိရင်တော့ တိုက်ပွဲက အချိန်မရွေးထဖြစ်နိုင်တဲ့ အနေအထားရှိပါတယ်။ ကျနော်တို့ ULA/ AA အနေနဲ့က တော့ တရားမျှတမှုနဲ့ အမြဲတမ်းအလေးထားပြီးတော့မှ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံကို နိုင်ဝင်ဘာလ ၁၂ နေ့ကတည်းက ရောက်ရှိနေတဲ့ Mr. Sasakawa ဟာ မြန်မာနိုင်ငံကို ရောက်လာတဲ့နေ့မှာပဲ AA အဖွဲ့ခေါင်းဆောင်တွေနဲ့ Online ကနေတွေ့ ဆုံပြီး ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။ ငြိမ်းချမ်းနေတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲ ပြန်မဖြစ်ဖို့အတွက် အောက်ခြေတပ်သားတွေအထိ ညွန်ကြားထားဖို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ခေါင်းဆောင်တွေကို တိုက်တွန်းထားတယ်လို့ Mr. Sasakawa မနေ့ နိုဝင်ဘာ ၁၅ ရက်က ရခိုင်ပြည် နယ်ရောက် လာချိန်မှာလည်း ပြောဆိုခဲ့ပါတယ်။

၂၀၂၀ နိုဝင်ဘာလထဲကနေ အခုအထိ စစ်တပ်နဲ့ AA ကြား အပစ်အခတ်ရပ်စဲရေးရရှိအောင် သူက ကြားဝင် ညှိနှိုင်းပေးခဲ့တာဖြစ်ပါတယ်။အခုလက်ရှိ မှာလည်း Mr. Sasakawa ရဲ့ကြားဝင်ဆောင်ရွက်မှုကြောင့်AA အဖွဲ့ဘက်က ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ၁၅ ဦးကိုလည်း သူ ရခိုင်ပြည်နယ်ကို လာရောက်တဲ့နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ခုလို ပြောပါတယ်။

“သူတို့ကို လွှတ်ပေးလိုက်ရတဲ့ အဓိက အကြောင်းအရင်းကတော့ ကျန်းမာရေးအရ ဆေးကုသဖို့လိုနေတဲ့သူတွေ၊ နောက် သုံ့ပန်းအဖြစ်နဲ့ နှစ်ရှည် ထိန်းသိမ်းခံထားရသူတွေ အဲလို လူတွေကို လူသားချင်းစာနာမှုအရ ကျနော်တို့ က လွတ်ပေးလိုက်တာဖြစ်ပါတယ်ဗျာ။ နောက်တချက်ကတော့ အလားတူပဲပေါ့နော်။ မြန်မာစစ်တပ်ဘက်ကနေ မတရားဖမ်းဆီး ထိန်းသိမ်း အကျဉ်းချထားတဲ့ ကျနော်တို့ ရခိုင်ပြည်သူတွေ၊ နောက် ကျနော်တို့ရဲ့ ULA /AA အဖွဲ့ဝင်တွေကို မြန်မာစစ်တပ်ဘက်က ပြန်လွတ်ပေးစေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ ထိန်းသိမ်းထားတဲ့ သုံ့ပန်းတွေကို အခုလို လွှတ်ပေးရတာ ဖြစ်တယ်ဗျာ။”

အခုလက်ရှိမြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ Yohei Sasakawa ဟာ ဂျပန်အစိုးရရဲ့ မြန် မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ်အနေနဲ့ လာရောက်တာမဟုတ်ဘူးလို့ ဂျပန် သံနိုင်ငံခြားရေးဝန်ကြီးက Yoshimasa Hayashi က ဒီနေ့နိုဝင်ဘာ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။ သူဟာ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌအနေနဲ့ မြန်မာနိုင်ငံကို လာရောက်တာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိအနေအထားအရ ရခိုင်ပြည်မှာ စစ်ကောင်စီနဲ့ AA အဖွဲ့ကြား တိုက်ပွဲတွေ ရပ်တံ့နေပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မောင်တောမြို့နယ်ဘက်က AA ထိန်းချုပ် ထားတဲ့ နေရာကို စစ်ကောင်စီဘက်က ဝင်ရောက်လာတာကြောင့် ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ARSA အဖွဲ့နဲ့ ဖြစ်တာလို့ ပြောဆိုထားပေမယ့် AA ဘက်ကတော့ စစ်ကောင်စီနဲ့ တိုက်ပွဲ ဖြစ်တာဖြစ်ပြီး စစ်ရေးတင်းမာနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


============

{{Unicode}}












============

XS
SM
MD
LG