သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းအောင်ကို အရေးယူမှု ကန် ပယ်ဖျက်ချက် UMFCCI ကြိုဆို


(အမေရိကန်-မြန်မာ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ ၂၀၁၃) -UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင် (ဝဲ)

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌကို အမေရိကန် အစိုးရက အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုကနေ ဖယ်ရှားပေး လိုက်တာဟာဆိုရင် ကုန်သည် စက်မှု အသင်းချုပ် အတွက် အကျိုးရှိတဲ့ လုပ်ဆောင် ချက် ဖြစ်တယ်လို့ UMFCCI က ပြောဆိုပါတယ်။ မြန်မာ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ဦးဝင်းအောင်ရဲ့ ပံ့ပိုး ထောက်ခံမှုတွေကြောင့် အခုလို ဒဏ်ခတ်မှုကို ရုပ်သိမ်းလိုက်တာ ဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန က ပြောဆိုပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က စုစည်း တင်ပြပေးထားပါတယ်။

မြန်မာ့ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးလည်းဖြစ် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ရဲ့ ဥက္ကဋ္ဌ အဖြစ် လည်း တာဝန်ယူထားတဲ့ ဦးဝင်းအောင်ကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့ထားတာကနေ ကြာသပတေးနေ့မှာ ဖယ်ရှားပေး လိုက်ပြီ ဖြစ် ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံရပ်ခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေး ဌာန OFAC ရဲ့၆ နှစ်ကြာ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်၊ သူ့ရဲ့ စီးပွားရေး လုပ်ငန်း ၂ ခုဖြစ်တဲ့ Dagon International Limited နဲ့ Dagon Timber Limited တို့ကို ဒဏ်ခတ်ပိတ်ဆို့မှု ဖယ်ရှားပေးလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်ဘက်က အခုလို ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းလိုက်တာကြောင့် ဦးဝင်းအောင် အတွက် သာမက UMFCCI အတွက်ပါ နိုင်ငံတကာနဲ့ စီးပွားရေး ဆက်သွယ် လုပ်ကိုင်တာမှာ ပိုပြီး ကောင်းမွန်သွားစေတယ်လို့ UMFCCI ရဲ့ ဗဟို အလုပ်အမှုဆောင်လည်းဖြစ် လှိုင်သာယာ စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီရဲ့ အကြီးအကဲလည်း ဖြစ်တဲ့ ဦးမြတ်သင်းအောင်က ပြောပါတယ်။

" UMFCCI ကတော့ နိုင်ငံတကာနဲ့ဆက်ဆံနေရတာလေ။ ဆိုတော့ အမေရိကန်က Sanctions လုပ်ထားတော့ သူနဲ့ ဆက်ဆံလို့မရဘူးပေါ့နော်။ အခုတော့ သူ့ကို Sanctions ရုပ်လိုက်တဲ့ အတွက် ဦးဝင်းအောင်အနေနဲ့ အမေရိကန်နိုင်ငံနဲ့ ဆက်ဆံလို့ ရသွားတာပေါ့။ ဝင်ထွက်သွားလာလို့လည်း လွယ်သွားတာပေါ့လေ။"

မြန်မာ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် မှာ ဦးဝင်းအောင်ရဲ့တတပ် တအား ဆောင်ရွက် မှုတွေ ကို အမေရိကန် အစိုးရက အသိအမှတ်ပြု တာရော နောက် အမေရိကန် နိုင်ငံခြားရေး မူဝါဒ ရည်မှန်းချက်တွေ ကို ထောက်ပံ့ပေး တဲ့ အနေနဲ့ပါ မြန်မာ့ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီး တဦး ဖြစ်တဲ့ ဦးဝင်းအောင်နဲ့ သူ့ရဲ့ လုပ်ငန်းတွေကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့မှု ကနေ ဖယ်ရှားပေးလိုက်တာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

UMFCCI ရဲ့ လက်ရှိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ဦးဝင်းအောင် ကိုတော့ အရင် မြန်မာ စစ်အစိုးရကို ငွေကြေး မတည်ထောက်ပံ့နေသူ ၊ နောက် စစ်အစိုးရရဲ့ ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေကို ဆောင်ရွက်ပေးနေသူ အဖြစ် ၂၀၀၉ ခုနှစ်က အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက သူ့ရဲ့ လုပ်ငန်း ၂ ခုနဲ့ အတူ ဒဏ်ခတ် အရေးယူခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ JADE ACT (Junta’s Anti-Democratic Effort ) ဒဏ်ခတ်ပိတ်ဆို့မှု ဥပဒေ နောက် အမေရိကန်သမ္မတရဲ့ အမိန့်တို့နဲ့ အရေးယူထားခဲ့တာ ဖြစ်ပါတယ်။

ဒီအရေးယူမှု အရ အမေရိကန်နိုင်ငံတွင်းက ဒဏ်ခတ်ပိတ်ဆို့ခံရသူတွေရဲ့ အမေရိကန်နိုင်ငံတွင်းက ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းထားမှာ ဖြစ်သလို ဒဏ်ခတ် ပိတ်ဆို့ခံရသူတွေနဲ့ အမေရိကန် စီးပွားရေး လုပ်ငန်းတွေကြား စီးပွားရေး ဆက်ဆံမှုတွေကိုလည်း တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်တို့ ဒဏ်ခတ် ပိတ်ဆို့ထားတဲ့ တခြား စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကိုလည်း ပိတ်ဆို့မှုက ဖယ်ရှားပေးဖို့ မျှော်လင့်တဲ့ အကြောင်း AA လုပ်ငန်းစု အကြီးအကဲ ဦးမြတ်သင်းအောင်က ပြောပါတယ်။

"စီးပွားရေးသမားတွေကို ဖွင့်ပေးလိုက်မှာတော့ မြင်ပါတယ်ခင်ဗျ။ လုပ်မယ်လို့တော့မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုနေ ဦးဝင်းအောင်ကို ဖယ်လိုက်တဲ့အတွက် သူ့ရဲ့ ပါစင်နယ် ဒီအမေရိကန်နိုင်ငံနဲ့ Business စီးပွားရေးလုပ်ဖို့ကိစ္စတွေက အလုပ်လုပ်လို့ရသွားပြီပေါ့။ အဲ့ဒီ့အတွက် သူ့ကိုယ်ကျိုးအတွက်လည်း ကောင်းသွားပါတယ်။ တိုင်းပြည်အတွက်လည်း အကျိုးရှိသွားတယ်။ သူ့အနေနဲ့လည်း Personally Business လုပ်နိုင်တဲ့အတွက် သူ့အနေနဲ့လည်း အကျိုးရှိမှာပေါ့လေ။"

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နဲ့ အတူ ၂၀၀၉ ခုနှစ်က တချိန်တည်း အရေးယူခံခဲ့ရသူကတော့ မက်မြန်မာ ဦးဇော်ဇော် ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ တခြား ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ကတော့ ထူးလုပ်ငန်းစု အကြီးအကဲ ဦးတေဇနဲ့ စတီဗင်လော တို့ ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် အမေရိကန် အစိုးရက ၂၀၁၂ မှာ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းကနေ မြန်မာ စီးပွားရေး လုပ်ငန်းတချို့နဲ့ လုပ်ငန်းရှင် တချို့ကို ဒဏ်ခတ်ပိတ်ဆို့မှု ကနေ ဖြေလျှော့ပေးနေပေ မယ့် အရင် စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ၊ အရင် စစ်အာဏာရှင်ဟောင်းတွေကိုတော့ ဆက်ပြီး ဒဏ်ခတ်ပိတ်ဆို့ထားဆဲ ဖြစ်ပြီး ဒီနှစ်ပိုင်းတွေ အတွင်းမှာဘဲ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အရေးယူခဲ့သလိုဘဲ အရင် စစ်အစိုးရ အဖွဲ့ဝင် ၀န်ကြီးဟောင်း လက်ရှိ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချမှတ်ခဲ့ပါတယ်။

XS
SM
MD
LG