သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်လေကြောင်းတိုက်ခိုက်မှု တာဝန်ရှိသူတွေကို အရေးယူဖို့ ကုလ တောင်းဆို


KIA တပ်မဟာ ၉၊ ဖားကန့်ဒေသမှာ တနင်္ဂနွေနေ့ည ဂီတဖျော်ဖြေပွဲကျင်းပနေချိန် မြန်မာစစ်တပ်က လေကြောင်းကတိုက်ခိုက်ခဲ့လို့ ကချင် အနုပညာရှင်တချို့အပါအဝင် အရပ်သားတွေ ဒါဇင်နဲ့ချီ ထိခိုက်သေဆုံးခြင်းအထိမ်းအမှတ်။ (အောက်တိုဘာ ၂၄၊ ၂၀၂၂/Photo Crd: Kachin News Group)
KIA တပ်မဟာ ၉၊ ဖားကန့်ဒေသမှာ တနင်္ဂနွေနေ့ည ဂီတဖျော်ဖြေပွဲကျင်းပနေချိန် မြန်မာစစ်တပ်က လေကြောင်းကတိုက်ခိုက်ခဲ့လို့ ကချင် အနုပညာရှင်တချို့အပါအဝင် အရပ်သားတွေ ဒါဇင်နဲ့ချီ ထိခိုက်သေဆုံးခြင်းအထိမ်းအမှတ်။ (အောက်တိုဘာ ၂၄၊ ၂၀၂၂/Photo Crd: Kachin News Group)

[[Zawgyi/Unicode]]

ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး လက်နက်မဲ့အရပ်သားတွေ အပေါ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက အချိုးမညီ အင်အားအလွန်အကျွံသုံးစွဲ တိုက်ခိုက်ပုံရခဲ့တာကို လက်မခံနိုင်ကြောင်းနဲ့ တာဝန်ရှိသူတွေက တာဝန်ခံရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ ကုလမသမဂ္ဂရုံးက ပြောလိုက်ပါတယ်။

“ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ အရပ်သားများကို အကာအကွယ်ပေးရမည့် ၎င်း၏တာဝန်ဝတ္တရားကို အလေးမထားကြောင်းကို ယခုဖြစ်ပွါးခဲ့သော တိုက်ခိုက်မှုက အထင်အရှားပြသနေပါသည်” လို့ ဥရောပသမဂ္ဂသံရုံးနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံသံရုံး ၁၆ ရုံးက ပူးတွဲကြေညာချက် ထုတ်ပြန်ပြောလိုက်ပါတယ်။

ခုလို တိုက်ခိုက်ခံရလို့ ကုလသမဂ္ဂရုံးက ပူပန် စိတ်မကောင်းကြောင်း၊ မိသားစုတွေနဲ့အတူ ထပ်တူကြေကွဲဝမ်းနည်းကြောင်း ကြေညာချက်မှာ ပြောထားပါတယ်။ ဒဏ်ရာရရှိသူတွေကို အရေးပေါ် ဆေးကုသမှု ရရှိရေးကိုလည်း ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA ရဲ့ တပ်မဟာ ၉ နယ်မြေ ဖားကန့် ဒေသမှာ တနင်္ဂနွေနေ့ည တေးဂီတဖျော်ဖြေပွဲ ကျင်းပနေတဲ့အချိန် မြန်မာစစ်တပ်က လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကချင် အနုပညာရှင်တချို့အပါအဝင် အရပ်သား ၃၀ ထက်မနည်း သေဆုံးကြောင်း ကချင်သတင်းရပ်ကွက် နဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်ကိုကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။

ဖားကန့် လုံးခင်းအထက်ပိုင်း ဥရုချောင်းဖျားရှိ အနန့်ပါ ကျေးရွာမှာ အောက်တိုဘာ ၂၅ ရက် ကျရောက်မယ့် ကချင် လွတ်လပ်ရေးအဖွဲ့ KIO ဖွဲ့စည်း တည်ထောင်ခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ် အကြို ဂီတ ဖျော်ဖြေပွဲ ကျင်းပနေတဲ့အချိန် မြန်မာ စစ်တပ်ဘက် က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

ထိခိုက်သေဆုံးသူအရေအတွက်နဲ့ပတ်သက်လို့ KIA ကချင် လွတ်လပ်ရေးတပ်ဘက်က အတည်ပြုပြောဆိုခြင်း မရှိသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း တိုက်ခိုက်မှု၊ ထိခိုက်ဒဏ်ရာမှုတွေနဲ့ ပတ်သက်လို့ တရားဝင် သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ကိုးကန့်၊ ပလောင်နဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ MNDAA၊ TNLA နဲ့ AA တို့ကလည်း စစ်ကောင်စီကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် အပြစ်ပေးအရေးယူရေးနဲ့ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိဖို့ မျှော်လင့်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဖျော်ဖြေနေတဲ့ ကချင် အနုပညာရှင်တချို့အပါအဝင် အရပ်သားတွေ ထိခိုက် ဒဏ်ရာရတဲ့အကြောင်း ကချင်တိုင်းရင်းသား သတင်းတွေမှာ ဖေါ်ပြပါတယ်။

အခင်းဖြစ်ပွားရာနေရာကို ဘာသာရေးအသင်းအဖွဲ့တွေ၊ နာရေးကူညီမှုအသင်းတွေသွားဖို့ ကြိုးစားနေပေမယ့် မြန်မာစစ်တပ်ဘက် က လမ်းတွေ ပိတ်ထားတာကြောင့် ညနေပိုင်းအထိတော့ ဝင်လို့မရသေးဘူးလို့ ဒေသခံတွေ က ပြောပါတယ်။ VOA အနေနဲ့ ထိခိုက်သေဆုံးတဲ့ အရေအတွက် နောက်ဆုံး အတည်ပြုချက်ရဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]










XS
SM
MD
LG