သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအေဂျင်စီ ရခိုင်မြောက်ပိုင်းသွားရေး ခွင့်ပြုချက်မရသေး


မောင်တောမြို့နယ် ရွှေဇားကျေးရွာမြင်ကွင်း။ (ဓာတ်ပုံ ထက်အောင်ခန့်)
မောင်တောမြို့နယ် ရွှေဇားကျေးရွာမြင်ကွင်း။ (ဓာတ်ပုံ ထက်အောင်ခန့်)

မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေဖြစ်တဲ့ UNDP ကုလသမဂ္ဂဖွံဖြိုးရေးအေဂျင်စီနဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့ MOU နားလည်မှုစာချွန်လွှာ ရေးထိုးပြီး သုံးလ ကြာရှိသွားပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက်ကြည့်ရှုခွင့်မရသေးပဲ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေရဆဲ ဖြစ်ကြောင်း UNHCR ပြောခွင့်ရပုဂ္ဂိုလ် Babar Baloch က မနေ့ သောကြာနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“အချက်တချက်ကတော့ သွားလာခွင့်အပေါ် အခြေခံသဘောတူညီချက်အရ ရခိုင်ပြည်နယ်မြောက်ပိုင်း ကို သွားမယ့်ဝန်ထမ်းတွေအတွက် ခရီးသွားလာရေး အထူးခွင့်ပြုချက်ရဖို့ လိုအပ် ပါတယ်။ ဒါကြောင့် အဲဒီဒေသဘက်ကိုသွားမယ့် ကျနော်တို့ ဝန်ထမ်းတွေ အထူးခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေပြီး ရတာနဲ့ ချက်ချင်းသွားကြမှာပါ။ UNDP နဲ့ UNHCR ဝန်ထမ်းတွေအနေနဲ့ သွားခွင့်ပြုထားတဲ့ နှစ်ရွာ၊ သုံးရွာကို သွားဖို့ သူတို့အားလုံးအဆင်သင့်ဖြစ်နေပါတယ်။”

ဒါ့အပြင် UNDP နဲ့ UNHCR တို့အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ရွာပေါင်း နှစ်ဒါဇင်နီးပါး သွား ရောက်ကြည့်ရှုဖို့ အဆင်သင့် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂအနေနဲ့ သွားရောက်ခွင့် ပြုခြင်းအားဖြင့် မတူကွဲပြားတဲ့လူမှု အသိုင်းအဝိုင်းနှစ်ခုကြား ပေါင်းစည်းညီညွတ်ရေး အပြန်အလှန် ယုံကြည်မှု တည်ဆောက်ဖို့အတွက် ကနဦးအဆင့်ဖြစ်တယ်လို့မျှော်လင့်ကြောင်း Babar Baloch ကပြောပါတယ်။

မနှစ်က မြန်မာလုံခြုံရေးတပ်တွေရဲ့ အထူးနယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ဒေသခံရိုဟင်ဂျာ မွတ်စလင်တွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးခဲ့ရတဲ့ အခြေအနေကို ကုလသမဂ္ဂက လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှု လို့ ခေါ်ဆိုခဲ့ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ဒီစွပ်စွဲ ပြောဆို ချက်ကို ငြင်းဆိုထားသလို၊ ရိုဟင်ဂျာဆိုတာကိုလည်း အသိအမှတ်ပြုထားခြင်းမရှိပါဘူး။

မနေ့ ထုတ်ပြန်ချက်မှာလည်း ရခိုင်ပြည်နယ်မှာ ခိုင်မာတဲ့ တိုးတက်မှုတွေရဖို့အတွက် MOU သဘောတူညီ ချက်မှာ ပါတဲ့ အဓိက အချက်သုံးချက်ဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ထိရောက်တဲ့ သွားလာခွင့် ရဖို့အတွက် အာမခံချက်ပေးဖို့၊ အသိုင်းအဝိုင်းအားလုံး လွတ်လပ်စွာသွားလာခွင့် အခိုင်အမာပေးဖို့၊ နိုင်ငံသားဖြစ်ထိုက် သူတွေအတွက် နိုင်ငံသားဖြစ်ခွင့် ရှင်းရှင်းလင်းလင်း ဆောင်ရွက်ဖို့အပါအဝင် ပြဿနာဖြစ်ရတဲ့ အခြေခံ အကြောင်းရင်းတွေကို ဖြေရှင်းဖို့ စတဲ့ အချက်တွေကို အရေးတကြီး အကောင်အထည်ဖေါ် ဆောင်ရွက်ဖို့ လိုအပ်နေကြောင်း ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG