သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူသားချင်းစာနာမှု အကြီးအကဲ ဖိလစ်ပိုင်မုန်တိုင်းသင့် ဒေသရောက်


တိုင်ဖုန်းမုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံ Tacloban မြို့ကို စစ်ဆေးကြည့်ရှုဖို့ ကုလသမဂ္ဂ လူသားချင်း စာနာကူညီမှုဆိုင်ရာ အကြီးအကဲ Valerie Amos ဟာ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ရောက်ရှိနေပါတယ်။

ဆေးဝါးအထောက်အပံ့တွေ၊ အစားအစာ၊ ရေသန့်နဲ့ အခြေခံ သန့်စင်ရေးပစ္စည်းတွေ လိုအပ်နေတဲ့ ဒေသခံတွေရဲ့ ခံနိုင်ရည်အပေါ်မှာ ကုလသမဂ္ဂ အကြီးအကဲ Amos အနေနဲ့ အံ့အားသင့်ရတယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရသူက ပြောပါတယ်။ သူတို့ဟာ မုန်တိုင်းရိုက်ခတ်ပြီးနောက် ၅ ရက်ကြာအထိ လိုအပ်ချက်တွေ ရှိနေပေမဲ့ အခုလို တောင့်ခံနေနိုင်ကြတာပါ။

အခု ကြာသာပတေးနေ့မှာတော့ Amos ဟာ ဖိလစ်ပိုင်မြို့တော် မနီလာမှာ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ရှိပါတယ်။ Tacloban ဒေသမှာရှိတဲ့ လူ ၅ သောင်းနီးပါးအတွက် ဆန်ဖြန့်ဝေထောက်ပံ့ထားပြီး၊ အဟာရ ဘီစကွတ် ၁၁ တန်ကိုလည်း ထောက်ပံ့ပြီးသားဖြစ်တယ်လို့ WFO ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ပြောပါတယ်။

ဆေးအဖွဲ့တွေနဲ့ ဆေးပစ္စည်း အထောက်အပံ့တွေဟာလည်း အဲ့ဒီဒေသကို ရောက်နေပေမဲ့၊ တကယ်လိုအပ်ချက်တွေ ရှိနေသူတွေဆီကို သွားရောက် အကူအညီ ပေးနိုင်ဖို့တော့ ခက်ခဲနေတုန်းပဲလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ပြောပါတယ်။
အခုအချိန်အထိဆိုရင်တော့ အဲဒီဒေသတွင်းကို သြစတြေးလျ၊ ဂျပန်နဲ့ ဂျာမဏီက အဖွဲ့တွေ သွားရောက်နေကြပါတယ်။ တရားဝင်ထုတ်ပြန်တဲ့ အသေအပျောက် စာရင်းကတော့ လူ ၂၂၇၅ ဦးအထိ ရှိသွားပါပြီ။ အစွန်အဖျားဒေသတွေကို မသွားရောက်နိုင်ကြသေးတာမို့၊ အသေအပျောက်စာရင်းဟာ ဒီထက်အများအပြား ပိုလာနိုင်တယ်လို့ ယူဆကြပါတယ်။

အကူအညီ ပေးနိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုက စေလွှတ်လိုက်တဲ့ USS George Washington စစ်သင်္ဘောအုပ်စုဟာ မကြာခင် ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိတော့မှာပါ။ အဲဒီ လေယာဉ်တင်စစ်သင်္ဘောကနေ နေ့စဉ် သောက်ရေသန့် ရေ လီတာ သန်းနဲ့ချီ ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။
XS
SM
MD
LG