သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူသားချင်းစာနာမှု အကြီးအကဲ ရာထူးမှနှုတ်ထွက်မည်


ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Valerie Amos
ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Valerie Amos

ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Valeria Amos ဟာ နောက်နှစ် မတ်လအကုန်မှာ ရာထူးကနေ နှုတ်ထွက်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။

ဆီးရီးယားပဋိပက္ခမဖြစ်ပွားမီ လအနည်းငယ်အလိုဖြစ်တဲ့ ၂၀၁၀ စက်တင်ဘာလက Amos က ရာထူးတာဝန် စတင် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ လူဦးရေတဝက်ဟာ အခု အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေ ဘဝရောက်နေကြပြီး ကနေ့ကမ္ဘာပေါ်မှာ လူသားချင်းစာနာမှု ပဋိပက္ခတွေအနက် အခြေအနေ အဆိုးရွားဆုံးတခု ဖြစ်လာခဲ့ပြီး Amos နဲ့ သူ့ ကုလသမဂ္ဂ အမှုထမ်းတွေအတွက် အဓိက ဦးစားပေးရမယ့် ကိစ္စရပ် ဖြစ်ခဲ့ပါတယ်။

တောင်ဆူဒန်နဲ့ အလယ်အာဖရိက သမ္မတနိုင်ငံ အပါအဝင် အာဖရိကမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပြင် ပြီးခဲ့တဲ့နှစ်က ဖိလစ်ပိုင်မှာ Haiyan တိုက်ဖွန်းမုန်တိုင်း တိုက်ခိုက်ခဲ့မှုကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေ အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Amos အနေနဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အထောက်အကူ လိုအပ်တဲ့ အရေးပေါ် ကိစ္စရပ်အားလုံးကို ကြီးကြပ်ကွပ်ကဲတဲ့ တာဝန်ရှိသူ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေအကြား အဓိက ဆက်သွယ်ရတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

Amos ဟာ ၂၀၁၂ ဒီဇင်ဘာလက မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြေပုံ၊ ပေါက်တော၊ မောင်းတောနဲ့ စစ်တွေ တို့ရှိ ဒုက္ခသည်စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ Amos ကို သူ့ရဲ့ထူးချွန်တဲ့ တာဝန်ထမ်းဆောင်မှုအတွက် ချီးကျုးထားပြီး ကမ္ဘာတဝှမ်း ဘေးဒုက္ခနဲ့ ပဋိပက္ခ ရင်ဆိုင်နေကြသူတွေအတွက် မနားမနေ လုပ်ဆောင်ပေးခဲ့တယ်လို့ ထောက်ပြထားပါတယ်။

Amos ရာထူးက နှုတ်ထွက်ရတဲ့ အကြောင်းအရင်းကို ဖော်ပြထားခြင်း မရှိတဲ့အပြင် နောက်သူ ဘာဆက်လုပ်မလဲ ဆိုတာကိုလည်း ဖော်ပြထားခြင်း မရှိပါဘူး။ သူဟာ လက်ရှိရာထူးမှာ ထမ်းဆောင်ခဲ့တာ ၄ နှစ်ကျော်ပြီ ဖြစ်ပါတယ်။

XS
SM
MD
LG