သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံကိုယ်စားလှယ်အဖွဲ့ ရခိုင်အခြေအနေ စူးစမ်းရေးခရီးထွက်


စစ်တွေမြို့က ဒုက္ခသည်စခန်းအတွင်း ကင်းလှည့်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ။
စစ်တွေမြို့က ဒုက္ခသည်စခန်းအတွင်း ကင်းလှည့်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ နယ်ခြားစောင့် ကင်းစခန်းတွေ အောက်တိုဘာလ ၉ ရက်နေ့က တိုက်ခိုက်ခံရပြီးတဲ့နောက် အစိုးရ တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်တဲ့နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ ကိစ္စကို လေ့လာဖို့ အတွက် ရခိုင်ပြည်နယ်ကို ဗုဒ္ဓဟူးနေ့မှာ သွားရောက်ကြမယ့် နိုင်ငံတကာ သံတမန်အဖွဲ့မှာ အမေရိကန် သံအမတ်ကြီး Scot Marciel လည်း လိုက်ပါ သွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ အပြည့် အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောဒေသမှာ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရာမှာ အရပ်သားတွေအပေါ် ဥပဒေမဲ့ သတ်ဖြတ်တာ၊ ဖမ်းဆီးတာနဲ့ မွတ်ဆလင် အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်မှုတွေ ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းဝိုင်း အဲဒီ ဒေသမှာ သွားရောက်လေ့လာခွင့်ပြုဖို့ တောင်းဆိုတာကြောင့် ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး Ms. Renata Desssallien ဦးဆောင်ပြီး အမေရိကန်ပြည်ထောင်စု၊ အီးယူ၊ ဗြိတိန်၊ တရုတ်နိုင်ငံတို့က ထိပ်တန်း နိုင်ငံတကာသံတမန် ၁၀ ဦးကို မြန်မာအစိုးရ တာဝန်ရှိသူတွေက ဒီကနေ့ နိုဝင်ဘာလ ၂ ရက်နေ့မှာ ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel လည်း လိုက်ပါသွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးဌာနက ပြောခွင့်ရအမျိုးသမီးက ဗွီအိုအေကို ပြောပါတယ်။

“ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေကို လေ့လာဖို့ အခု သီတင်းပတ် အတွင်း သွားကြမယ့် နိုင်ငံတကာ သံတမန်အဖွဲ့နဲ့အတူ သံအမတ်ကြီး Scot Marciel လည်း လိုက်သွားမှာ ဖြစ်ပါတယ်။”

သံအမတ်ကြီး Scot Marciel ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ရှမ်းပြည်နယ်ကို သွားရောက်ခဲ့သူ ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ မြန်မာအစိုးရဖက်က နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးကျော်တင့်နဲ့ တခြား တာဝန်ရှိသူတွေ လိုက်ပါ သွားကြမယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးသက်ဆွေက ဗွီအိုအေကို တနင်္လာနေ့က ပြောပြခဲ့ပါတယ်။

Brad Adams ဟာ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အာရှရေးရာ ညွန်ကြားရေးမှူး ဖြစ်ပါတယ်။ သူက အခု ရခိုင်ပြည်ကို သွားကြမယ့် နိုင်ငံတကာ သံတမန်တွေအနေနဲ့ ဟိုရောက်တဲ့အခါ ဒေသခံတွေနဲ့ သီးခြား တွေ့ဆုံ မေးမြန်း သင့်တယ်လို့ အကြံပြုပါတယ်။

“ပထမဆုံးအဆင့် သူတို့လုပ်ဆောင်သင့်တဲ့အချက်ကတော့ ဒေသခံတွေနဲ့ ယုံကြည်စိတ်ချစွာ စကားပြောနိုင်ဖို့အတွက် အစိုးရနဲ့ စစ်တပ်က အရာရှိတွေ ထံကနေ သီးခြား ခွဲထွက်နေသင့်ပါတယ်။ သူတို့အနေနဲ့ ဒေသခံတွေကို အစိုးရ အရာရှိတွေရှေ့မှာ တွေ့ဆုံမယ်ဆိုင်ရင် ဒေသခံတွေက စကားပြောဖို့ အတွက် ကြောက်ရွံ့နေကြပါလိမ့်မယ်။ ဒါဟာ ဘယ်နိုင်ငံမှာမဆို အဲဒီလို ဖြစ်လေ့ ရှိတာကြောင့် မြန်မာနိုင်ငံမှာ ဆိုရင်လည်း အဲဒီလို ဖြစ်မှာ သေချာပါတယ်။ ဒုတိယအဆင့်အနေနဲ့ကတော့ HRW ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားသလို ရခိုင်ပြည် မြောက်ပိုင်းက မီးရှို့ခံရတယ်ဆိုတဲ့ ရွာတွေ ရှိတဲ့နေရာ၊ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတယ် ဆိုတဲ့ ဒေသတွေကို သွားရောက် လေ့လာသင့်ပါတယ်။ သူတို့အနေနဲ့ အောက်တိုဘလာ ၉ ရက်နေ့က ဒီပြဿနာ စဖြစ်တဲ့ နေရာကိုလည်း သွားလေ့လာသင့်ပါတယ်။ ပြဿနာ စဖြစ်ပြီးတဲ့နောက်မှာ နောက်ဆက်တွဲ ပြဿနာ ဖြစ်ခဲ့တဲ့ နေရာတွေကို သွားယုံနဲ့တင် မပြည့်စုံပါဘူး။”

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ - မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂရဲ့ အကူအညီနဲ့ နိုင်ငံတကာ လေ့လာသူတွေ ရခိုင်ပြည်နယ်အတွင်း သွားရောက် လေ့လာခွင့် ပြုသင့်ကြောင်း HRW လူ့အခွင့်ရေး စောင့်ကြည့်ရေး အဖွဲ့က အောက်တိုဘာလ ၃၁ ရက်နေ့မှာ တောင်းဆိုခဲ့သလို - အဲဒီ တောင်းဆိုချက် ထဲမှာပဲ မောင်တောမြို့နယ် အတွင်းမှာ ရှိတဲ့ ကြက်ရိုးပြင်၊ ပြောင်ပစ်၊ ဝါးပိတ် စတဲ့ ရွာ ၃ ရွာမှာ အောက်တိုဘာလ ၂၂ ရက်နေ့က မီးလောင်နေတဲ့ ဂြိုလ်တုပုံတွေနဲ့ တကွ ကိုးကားပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ဒေသခံတွေအနေနဲ့ အကူအညီတွေ ဘယ်လောက်အထိ အရေးတကြီး လိုအပ်နေတယ် ဆိုတာကိုလည်း နိုင်ငံတကာ အသိုင်းဝိုင်းက သိရှိခွင့်ရနိုင်မယ်လို့ Brad Adams က ထောက်ပြပါတယ်။

“ဒီခရီးစဉ်ကနေ သိရှိနိုင်မယ့် အရေးကြီးဆုံး ကိစ္စတခုကတော့ - ဒေသခံတွေအနေနဲ့ လူသားချင်း စာမှုဆိုင်ရာ အကူအညီတွေ ဘယ်လောက်အထိ လိုအပ်နေသလဲ ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးသွားကြတဲ့ သူတွေဟာ လယ်ကွင်းတွေထဲမှာ အိပ်နေကြရတယ်၊ ဆေးဝါး၊ အစားအစာနဲ့ တခြား အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်ဆိုတဲ့ သတင်းတွေ ကျနော်တို့ ကြားနေရပါတယ်။ သူတို့လိုနေတဲ့ အကူအညီတွေကို မဆိုင်းမတွ အမြန်ဆုံး ပို့ပေးဖို့ အင်မတန် အရေးကြီးပါတယ်။ တရက်နောက်ကျသွားတဲ့ အတွက် လူတွေ အသက်ဆုံးရှုံးရတဲ့ အခြေအနေအထိ ဖြစ်သွားနိုင်ပါတယ်။”

အခုချိန်ထိတော့ မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထားသူ ၆၀ ကျော် ရှိသွားပြီဖြစ်ကြောင်းနဲ့ ဖမ်းဆီးထား သူတွေကို ဒေသ တွင်းက ရဲစခန်းတွေမှာ ထိန်းသိမ်းထားပြီး ပြစ်မှုဆိုင်ရာ စွဲချက်တွေနဲ့အညီ အရေးယူ သွားမှာဖြစ်ကြောင်း ရခိုင်အစိုးရ တာဝန်ရှိသူက နိုဝင်ဘာလ ၁ ရက်နေ့က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မကြာသေးခင်က သတင်းတွေ ထွက်ပေါ်ခဲ့တဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့စိုးရိမ်မကင်း ဖြစ်မိကြောင်း၊ ဒီကိစ္စကို ကိုင်တွယ်တဲ့နေရာမှာ အစိုးရအနေနဲ့ ထင်သာ မြင်သာရှိပြီး တရားဥပဒေနဲ့အညီ လုပ်ဆောင်ဖို့ တိုက်တွန်းကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် John Kirby က တနင်္လာနေ့မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG