ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဒုချီးရားတန်းကျေးရွာမှာဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ် အပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေး မှုတစ်ခု ချက်ချင်းလုပ်ဖို့ ကုလသမဂ္ဂနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့က မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ အဲဒီရွာမှာ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် လူအတော်များများ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်နေချိန်မှာပဲ တောင်းဆိုလိုက်ကြတာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
ဒုချီးရားတန်းကျေးရွာမှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုအတွင်း လူ ၃၀ ထက်မနည်း သေဆုံးခဲ့တယ်ဆိုတဲ့သတင်းတွေက ဆက်တိုက်လို ထွက်လာနေတာပါ။ အရပ်သားတွေအပါအဝင် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ တယ်ဆိုတဲ့ သတင်းတွေကြောင့် အထူးပဲ စိုးရိမ်မိတဲ့အကြောင်း လူသားချင်းစာနာကူညီမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူး ဗယ်လာရီ အေးမော့စ် (Valerie Amos) က ဇန်နဝါရီလ ၂၃ ရက်၊ ကြာသပတေးနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
မစ္စအေးမော့စ်ရဲ့ ကြေညာချက်ကို ကြာသပတေးနေ့ ကုလသမဂ္ဂ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောရေးဆိုခွင့်ရှိသူ ဖာရန် ဟက်က် (Faran Haq) က အခုလိုပြောခဲ့ပါတယ်။
“အရပ်သားတွေအားလုံးကို အပြည့်အဝအကာအကွယ်ပေးဖို့ လိုအပ်တာမှန်သမျှ အားလုံးလုပ်ဆောင်ပါလို့ မြန်မာအစိုးရကို သူက တောင်းဆိုပါတယ်။ သက်ဆိုင်ရာ ဒေသတွေမှာ လိုအပ်ချက်တွေကို သိနိုင်ဖို့နဲ့ မကြာသေးခင်က အကြမ်းဖက်မှုကြောင့် ဘေးဒဏ်သင့်ရသူတွေကို အကူအညီပေးဖို့ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေး ဝန်ထမ်းတွေ အဲဒီဒေသဆီ ဘေးရန်ကင်းကင်းနဲ့ ဆက်ပြီး သွားရောက်နိုင်ရေး မြန်မာအစိုးရက ခွင့်ပြုဖို့ကို လည်း သူက ပန်ကြားခဲ့ပါတယ်။”
မြန်မာအစိုးရဘက်ကတော့ အဲဒီရွာမှာ အကြမ်းဖက်မှုကြောင့် လူတွေ အသတ်ခံရတာမျိုး မရှိခဲ့ဘူးလို့ ထပ်ခါတလဲလဲ ငြင်းဆန်ထားပြီး ရဲတပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်တိုက်ခိုက်တာကြောင့်သာ ရဲတပ်ကြပ်ကြီးတစ်ဦး လက်နက် ခဲယမ်းတွေနဲ့အတူ ပျောက်ဆုံးနေတာ ဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေဟာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ဌာနေကိုယ်စားလှယ်တို့နဲ့အတူ အဲဒီဒေသက ကျေးရွာတွေဆီ ဇန်နဝါရီလ ၂၂ ရက်နေ့က သွားရောက်ခဲ့တာကိုလည်း သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
သူတာဝန်ယူထားတဲ့ ကုလသမဂ္ဂဌာနက မြန်မာပြည်ဆိုင်ရာတာဝန်ခံကိုယ်တိုင် အဲဒီဒေသဘက်ဆီ သွားရောက်ခဲ့ပြီး နောက် တစ်ရက်မှာပဲ ဘာဖြစ်ခဲ့တယ်ဆိုတာ အတိအကျစုံစမ်းဖို့ မစ္စအေးမော့စ်က မြန်မာ အစိုးရကို တောင်းဆို လိုက်တာလည်း ဖြစ်ပါတယ်။
“အကြမ်းဖက်မှုအပေါ် ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု ချက်ခြင်းပြုလုပ်ဖို့ မစ္စအေးမော့စ်က တောင်းဆိုပါတယ်။ ဒါ့အပြင် ဖမ်းဆီး ထိန်းသိမ်းခံ ထားရသူတွေရဲ့ အခွင့်အရေးကိုလည်း လေးစားလိုက်နာဖို့ တောင်းဆိုပါတယ်။”
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖာရန် ဟက်က်ပါ။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးတစ်ဦးဖြစ်သူ ဟူးဂိုး ဆွိုင်းယား (Hugo Swire) ကလည်း မောင်တောမြို့နယ်ထဲက သတ်ဖြတ်ခံရတဲ့သတင်းတွေအပေါ် အထူးပဲ ထိတ်လန့် တုန်လှုပ်မိတယ်လို့ပြောပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်း စစ်ဆေးမှုတစ်ခု ချက်ခြင်းလုပ်ဖို့ ကြာသပတေးနေ့မှာပဲ မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုချက်ကို ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးဆီ အဲဒီနေ့မှာပဲ ပေးပို့ခဲ့တယ်လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်က လူမှုအဝန်းအဝိုင်းအားလုံးရဲ့ လုံခြုံရေးအတွက် မြန်မာအစိုးရက ဆက်ပြီး အထောက်အပံ့ပေးသွားဖို့နဲ့ နိုင်ငံတကာ အကူအညီတွေ ပေးပို့နိုင်မယ့် အခြေအနေတစ်ရပ် ဖန်တည်းပေးဖို့ကိုလည်း ဗြိတိန်ဝန်ကြီး ဟူးဂိုး ဆွိုင်းယားက မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။
ကြာသပတေးနေ့တစ်ရက်တည်းမှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီး နာဗီ ပီလေးကလည်း ဒုချီးရားတန်း ဖြစ်ရပ်ကို စုံစမ်း စစ်ဆေးဖို့ မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။
မစ္စပီလေးရဲ့ ကြာသတေးနေ့ထုတ်ပြန်ချက်ထဲမှာ အနည်းငယ် ပိုပါလာတယ်လို့ ပြောလို့ရတဲ့ အချက်အလက်တွေကတော့ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့အတွင်း ဒုချီးရားတန်းရွာမှာ ဆိုးရွားတဲ့ဖြစ်ရပ် နှစ်ခုဖြစ်ခဲ့တယ် ဆိုတာရယ်၊ ရိုဟင်ဂျာ မူစလင်မ် ၄၀ ကျော် သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ထားတယ်ဆိုတာရယ်ပါပဲ။
ဒုချီးရားတန်းရွာမှာ အသက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရတဲ့အပေါ် ပြစ်တင် ရှုတ်ချ ပါကြောင်း၊ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှု တစ်ခု အပြည့်အ၀ ချက်ခြင်းလုပ်ဖို့နဲ့ ဘေးဒဏ်ခံခဲ့ရသူတွေနဲ့ မိသားစုဝင်တွေ တရားမျှတမှု ခံစားရအောင် လုပ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုပါကြောင်း၊ ဒီလုပ်ငန်းစဉ်ကို အထောက်အကူ ပြုပေးဖို့အတွက် မိမိရဲ့ဌာနအနေနဲ့ အဆင်သင့်ရှိပါကြောင်း မစ္စ နာဗီ ပီလေးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
၉ ရက်နေ့ကနေ ၁၃ ရက်နေ့အတွင်း ဖြစ်ပျက်ခဲ့ပုံအသေးစိတ်ကို သူတို့ရထားတဲ့ အတိုင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီးရုံးရဲ့ ထုတ်ပြန်ချက် ထဲမှာ ဖော်ပြထားပြီး အဲဒီသတင်း အချက်အလက်တွေကို မြန်မာ အစိုးရဆီ ပေးပို့ထားတယ်လို့လည်း ပြောထားပါတယ်။