သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအစိုးရကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ ရှုတ်ချ


ဆီးရီးယားအရေး ကုလသမဂ္ဂတွင်း အစည်းအဝေး ကျင်းပနေစဉ်။
ဆီးရီးယားအရေး ကုလသမဂ္ဂတွင်း အစည်းအဝေး ကျင်းပနေစဉ်။
သြဂုတ်လ (၃) ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆီးရီးယား အစိုးရရဲ့ အတိုက်အခံ တပ်ဖွဲ့တွေအပေါ် လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ကို ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ အတည်ပြုလိုက်ကြပေမယ့် ဒီဆုံးဖြတ်ချက်ဟာ မလိုက်နာမနေရ ဆုံးဖြတ်ချက်မျိုးတော့ မဟုတ်ပါဘူး။

သမ္မတ ဘက်ရှာအယ်လ်အာဆဒ် (Bashar al-Assad) အစိုးရကိုဆန့်ကျင်တဲ့ လူထုအုံကြွမှု (၁၇) လ ကြာလာတဲ့အခါ အကြမ်းဘက်မှုတွေ ပိုမိုပြီး ဖြစ်ပွားလာနေရတယ်လို့ ဆီးရီးယားအရေး တက်ကြွ လှုပ်ရှားသူတွေက အစီရင်ခံကြတာကြောင့် အခုလို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆုံးဖြတ်ချက် ချဖို့ မဲခွဲခဲ့ကြတာပါ။ ဒီအဆိုအတွက် ဆွေးနွေးငြင်းခုံမှု စတင်တဲ့အခါ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆီးရီးယား ပဋိပက္ခဟာ နောက်ကွယ်ကနေ သွေးထိုး လှုံ့ဆော်တဲ့ စစ်ပွဲအသွင် ဆောင်လာနေပြီးတော့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေအနေနဲ့ ဆီးရီးယားက အကြမ်းဘက်မှုတွေ ရပ်ဆိုင်း သွားအောင် ဆောင်ရွက်ပေးကြဖို့ ပြောဆို တိုက်တွန်းလိုက်ပါတယ်။

ဆီးရီးယားလူထုရဲ့ ချက်ချင်းလက်ငင်း အကျိုးစီးပွားတွေက ဆီးရီးယားရဲ့ ကြီးမားတဲ့ပြိုင်ဘက် အုပ်စုကြီးတွေအပေါ်မှာ လွှမ်းမိုးရမယ်လို့လည်း မစ္စတာ ဘန်ကီမွန်းက ဆိုပါတယ်။ ဆီးရီးယားရဲ့ မဟာမိတ်တွေဖြစ်ကြတဲ့ တရုတ်နဲ့ ရုရှတို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆီးရီးယားအပေါ် ပြီးခဲ့တဲ့ ဆုံးဖြတ်ချက် သုံးရပ်ကို ဗီတိုအာဏာနဲ့ ပယ်ချခဲ့တာကြောင့် ဆီးရီးယားအရေးမှာ လုံခြုံရေးကောင်စီဟာ ဘာမှမလုပ်နိုင်ဖြစ်နေရတယ်လို့လည်း မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က သူ့အနေနဲ့ ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်တို့ရဲ့ ဆီးရီးယားဆိုင်ရာ အထူး သံတမန်အဖြစ်ကနေ နုတ်ထွက်တယ်လို့ ကြေညာပြီး နောက်တစ်နေ့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆီးရီးယားအစိုးရရဲ့ အတိုက်အခံ တပ်ဖွဲ့တွေအပေါ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ချမှတ်ဖို့ အတည်ပြုလိုက်ကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG