သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး တိုးတက်မှုကြောင့် ကုလအစီအစဉ်မှာ ထည့်သွင်းဆွေးနွေးခြင်းမပြုဖို့ မြန်မာတောင်းဆို


ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်။ (စက်တင်ဘာ ၂၉၊ ၂၀၁၄)
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်။ (စက်တင်ဘာ ၂၉၊ ၂၀၁၄)

မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေဟာ တိုးတက်နေပြီဖြစ်တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ အစီအစဉ်ထဲမှာ ဆက်ပြီး ထည့်သွင်းဆွေးနွေးဖို့ မသင့်တော့ဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောလိုက်ပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံအဆင့် သတ်မှတ်ထားတာကနေ ပယ်ဖျက်ဖို့အတွက် စတင်လုပ်နေပြီလို့လည်း ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။ စက်တင်ဘာလ ၂၉ ရက်၊ တနင်္လာနေ့က ၆၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးက အဲဒီလို ပြောသွားတာပါ။ ညီလာခံကျင်းပရာ နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်မှာ သတင်းသွားယူတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ ထားပါတယ်။

မြန်မာနိုင်ငံသစ်မှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး စိုးရိမ်ကြတဲ့ကိစ္စရပ်ကြီးတွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ဖြေရှင်းပြီးပြီဖြစ်တဲ့အပြင် အခုဆိုရင် လူ့အခွင့်အရေးအခြေအနေ တိုးတက်တဲ့အဆင့်မှာ အလယ်အလတ်ထိ ရောက်နေပြီလို့ ဦးဝဏ္ဏမောင်လွင်က ပြောသွားပါတယ်။ ဒီတိုးတက်မှုကြောင့် လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို မြန်မာလူထုအနေနဲ့ ရရှိခံစားနေပြီလို့ သူကပြောပါတယ်။

“ဒါကြောင့်မို့လို့ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးကောင်စီနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ ဆွေးနွေးရမယ့် ခေါင်းစဉ်တခုအဖြစ် ဆက်ရှိမနေသင့်တော့ဘူးလို့ ကျနော်တို့အနေနဲ့ အပြည့်အ၀ ယုံကြည်ပါတယ်။”

ရခိုင်ပြည်နယ်မှာ လူမှုအဝန်းအဝိုင်းနှစ်ခုအကြား ပဋိပက္ခအခြေအနေတွေ ရှိနေတဲ့အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်တဲ့အကြောင်း အမြဲလိုပြောဆိုနေတာပါ။ ဒီအခြေအနေပေါ် အထူးအာရုံစိုက်ပြီး ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ ဦးဝဏ္ဏ မောင်လွင်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစောတလျင် ကောက်ချက်မချခင်မှာ နောက်ခံသမိုင်းကြောင်း၊ ထွေပြားမှုနဲ့ ရှုပ်ထွေးမှုတွေကို အပြည့်အ၀ နားလည်ထားဖို့ လိုတယ်လို့ သူက ထောက်ပြပါတယ်။ အခြေအနေကို အပေါ်ယံအမြင်လောက်နဲ့ မကြည့်သင့်ပါဘူးလို့ဆိုပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုသွားပါတယ်။

“ရေရှည်ခိုင်မာတဲ့ အဖြေကိုရှာတဲ့နေရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လက်တွေ့ကျပြီး မျှတစွာ ပါဝင်လုပ်ဆောင် သင့်ပါတယ်။ အခြေခံ အကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ရခိုင်ပြည်နယ်က လူအားလုံးတို့အတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဟန်ချက်ညီရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ကျနော်တို့ လုပ်ဆောင်နေပါတယ်။”

သူ့မိန့်ခွန်းထဲမှာ အထူးတလည်ထည့်ပြောပြီး ကြေညာသွားတဲ့ကိစ္စတခုကတော့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထား ရတာကနေ ပယ်ဖျက်ဖို့အတွက် စပြီးလုပ်နေပြီဆိုတာပါပဲ။ မြန်မာနိုင်ငံဟာ ၂၆ နှစ်နီးပါး ဆိုရှယ်လစ်စနစ်အောက်မှာ နေခဲ့ရပြီးတဲ့နောက် ၁၉၈၇ ခုနှစ်မှာ ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးတိုင်းပြည်တခုအဖြစ် ကုလသမဂ္ဂက ထည့်သွင်း သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အခုတော့ အားတက်ဖွယ် စီးပွားရေးတိုးတက်လာမှု၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တခုလုံးမှာ တိုးတက်လာမှု စတာတွေကြောင့် အရေးကြီးတဲ့ဆုံးဖြတ်ချက်တခု ချဖို့ ဖြစ်လာပါတယ်လို့ ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။

“ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးနိုင်ငံ LDC အဖြစ် သတ်မှတ်ခံထားရတာကနေ ပယ်ဖျက်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ အပြည့်အ၀ သန္နိဋ္ဌာန် ချထားပြီး လုပ်ငန်းစဉ်တွေ စတင်နေပြီဆိုတာကို ဒီနေရာမှာ ကျနော်ကြေညာလိုပါတယ်။ သမ္မတဦးသိန်းစိန်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ဆက်သွယ်ပြီး LDC အဆင့်ကနေ ပယ်ဖျက်ပေးဖို့အတွက် ကျနော်တို့ရဲ့ရည်ရွယ်ချက်နဲ့ သန္နိဋ္ဌာန်ကို ဖော်ပြ ပြောဆိုပြီးဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်ကျရင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတကာက အထူးစိတ်ဝင်တစားနဲ့ စောင့်ကြည့် နေကြပြီးတော့ အဲဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဘယ်လောက်အထိ တိုးတက် ခိုင်မာနေပြီဆိုတာကို သက်သေပြမယ့် မှတ်ကျောက် တခုအဖြစ် သုံးသပ် ပြောဆိုတာတွေလည်းရှိပါတယ်။ ဒါကို မြန်မာအစိုးရအနေနဲ့ ကောင်းကောင်း သတိပြုမိတယ်ဆိုတာကို ဝန်ကြီးဦးဝဏ္ဏမောင်လွင် ပြောသွားတာက ပြနေပါတယ်။

“ဒီမိုကရေစီတန်ဘိုးတွေကို လက်တွေ့ကျင့်သုံးတဲ့အနေနဲ့ လူထုတရပ်လုံးရဲ့ဆန္ဒနဲ့ လိုလားချက်တွေကို အစိုးရက အလေးအနက်ထားပြီး ထည့်သွင်း စဉ်းစားပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို မထိခိုက်စေဘဲ တရားဥပဒေဘောင်အတွင်းကနေ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် အခြေခံအုတ်မြစ်တွေကို အစိုးရက တည်ဆောက်နေပါတယ်။”

ဦးဝဏ္ဏမောင်လွင်ရဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နိုင်ငံတကာက ပြောဆို ထောက်ပြနေတဲ့ အဓိက ကိစ္စရပ်တွေ အကုန်လုံးကို ထည့်သွင်းပြောဆိုသွားတာ တွေ့ရပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တတိယအဆင့် ရောက်နေပြီဆိုတာကို ထောက်ပြ ပြောဆို သွားသလို လုပ်ဆောင်နိုင်စွမ်း အကန့်အသတ်နဲ့ စိန်ခေါ်မှုအများအပြားကို လုပ်ဆောင်ရမှာဖြစ်တာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ နားလည်မှုနဲ့ ပံ့ပိုးကူညီမှုတွေ လိုအပ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောသွားပါတယ်ခင်ဗျား။

XS
SM
MD
LG