သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဒုက္ခသည်တွေကူညီဖို့ ကုလအလှူငွေ အလွန်လိုအပ်


ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာမွတ်စလင်ကလေးများ
ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာမွတ်စလင်ကလေးများ

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ လက်ရှိ ဖြစ်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့ အရေးပေါ်လုပ်ငန်းရံပုံငွေ တွေ ဒီထက်ပိုပြီးမရဘူးဆိုရင် လူသားချင်းဆိုင်ရာ ကပ်ဘေးကြီးအဖြစ် ကျရောက်တော့မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုကြောင့် ပြီးခဲ့တဲ့တလ အတွင်း အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်ပေါင်းဟာ ခန့်မှန်းခြေ ၄၃၆,၀၀၀ ရှိနေပြီလို့ ဂျီနီဗာ ကုလသမဂ္ဂရုံးက အင်္ဂါနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

VOA သတင်းထောက် Lisa Schlein သတင်းပေးပို့ထားတာကို မအင်ကြင်းနိုင်က တင်ပြမှာပါ။

နောက်ထပ်ဒုက္ခသည်တွေရောက်လာတဲ့အရေအတွက်နှုန်းဟာ အရင်လို အလုံအရင်းနဲ့ မဟုတ်တော့ပဲ နည်းသွားပေမဲ့ ကုလသမဂ္ဂက ရရှိတဲ့ သတင်းတွေအရဆိုရင် မြန်မာနယ်စပ်ကိုကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးဖို့ ကြိုးစားသူတွေ အများအပြားရှိနေဆဲပဲလို့ ကုလသမဂ္ဂက ပြောပါတယ်။ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA ရဲ့ပြောဆိုချက်အရဆိုရင် အရေးပေါ်အကူအညီ အတိုင်းအတာပမဏာဟာ အရင်က ခန့်မှန်းထားတာထက်ကို အရမ်းကိုများပြားနေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Adrian Edwards
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Adrian Edwards

လာမယ့် ခြောက်လအတွင်း အရေးပေါ်လိုအပ်ချက်ကို ဖြည့်နိုင်ဖို့ ရံပုံငွေ အမေရိကန်ဒေါ်လာ ၇၇ သန်းကနေ သန်း ၂၀၀ထိ လိုအပ်နိုင်တယ်လို့ ခန့်မှန်းထားတဲ့ ကနဦး အစီအစဉ်ကို ပြန်ပြီးသုံးသပ်နေတယ်လို့ ကုလသမဂ္ဂအရာရှိတွေက ပြောပါတယ်။ ဘေးအန္တရာယ်လုံခြုံဖို့ ဒုက္ခသည်တွေ သိန်းနဲ့ချီပြီး အစုလိုက်အပြုံလိုက်ထွက်ပြေးလာမှုကို တုန့်ပြန်ဆောင်ရွက်ဖို့ အကူအညီပေးရေးအေဂျင်စီတွေဘက်က လုပ်နိုင်စွမ်းအတိုင်းအတာထက် ကျော်လွန်နေကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Adrian Edwards ကပြောပါတယ်။ ဒါအပြင် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အကူအညီလိုအပ်ချက်ဟာ အဆမတန်များပြားပြီး ထောက်ပံမှုတွေကို အရေးတကြီး တိုးမြှင့်ဖို လိုအပ်နေကြောင်း ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကျနော်တို့ဘက်က အလျှင်အမြန်နဲ့ တိုးမြှင့်မလုပ်ဆောင်ဘူးဆိုရင် ဒုက္ခသည်တွေဟာ သူတို့လိုအပ်နေတာတွေကို ရဖို့မရှိပါဘူး။ အဲဒီမှာ ကျန်းမာရေး ထိခိုက်မယ့်အန္တရာယ်တွေဟာ ပိုပြီး အထူးစိုးရိမ်ဖို့ကောင်းတဲ့ အခြေအနေဖြစ်လာဖို့ရှိနေပါတယ်။ ဒုက္ခသည်တွေအတွက် နေထိုင်စရာမလုံလောက်ဘူး ဖြစ်နေပါတယ်။ သူတို့ အတွက် ပံပိုးနိုင်ဖို့ အကူအညီကလည်း အလုံအလောက်မရှိပါဘူး။ အဲဒီမှာ ကျန်းမာရေးနဲ့ ဆက်စပ်နေတဲ့ အိမ်သာအရေအတွက်နဲ့ အခြား လိုအပ်ချက်တွေဟာလည်း လုံလောက်မှာ မဟုတ်ပါဘူး။ အားလုံးခြုံပြောရရင် အခြေအနေတွေဟာ ပိုဆိုးဖို့ပဲရှိပါတယ်။”

ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ပြဿနာဟာ ကမ္ဘာမှာ ဒုက္ခသည်ဆိုင်ရာ အကျပ်အတည်း အမြင့်မားဆုံးအဖြစ် အလျင်အမြန် ရောက်လာနေတယ်လို့လည်း Edwards က ပြောပါတယ်။ ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းဘက်က ရက်ရက်ရောရောနဲ့ အမြန်ဆုံး အကူအညီတွေပေးကြဖို့ လည်း သူက ပန်ကြားပါတယ်။ အကာအကွယ်ကင်းမဲ့နေတဲ့ ဒုက္ခသည်တွေကို ထောက်ပံဖို့ အထူးကြိုးပမ်းရမှာဖြစ်ကြောင်းလည်း Edwards ကဆိုပါတယ်။ အဲဒီဒုက္ခသည်တွေထဲမှာ အုပ်ထိန်းသူမရှိတဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေ၊ အသက်အရွယ်ကြီးသူတွေနဲ့ မသန်မစွမ်းသူတွေ ပါဝင်ပါတယ်။ သူတို့အတွက် အမိုးအကာ၊ အစားအစာ၊ ရေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးတကြီးလိုအပ်နေတယ်လို့လည်း Adrian Edwards ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG