သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးပစ္စည်း စတင်ဖြန့်ဖြူး


လူလူချင်းစာနာမှုအထောက်အပံ့ပေးဖို့ အီရတ်ကနေ ပျံသန်းပြီး ဆီးရီးယားဒုက္ခသည်တွေဆီသွားတဲ့ ကုလ ကုန်တင်လေယာဉ်။ (ဒီဇင်ဘာ ၁၅၊ ၂၀၁၃)
လူလူချင်းစာနာမှုအထောက်အပံ့ပေးဖို့ အီရတ်ကနေ ပျံသန်းပြီး ဆီးရီးယားဒုက္ခသည်တွေဆီသွားတဲ့ ကုလ ကုန်တင်လေယာဉ်။ (ဒီဇင်ဘာ ၁၅၊ ၂၀၁၃)
ကုလသမဂ္ဂက လူလူချင်းစာနာမှုအထောက်အပံံ့တွေကို အီရတ်မြောက်ပိုင်းကနေ ဆီးရီးယားနိုင်ငံထဲကို လေကြောင်းကနေ စတင် ဖြန့်ဖြူးပေးနေပါပြီ။

စားနပ်ရိက္ခာတွေတင်ဆောင်ထားတဲ့ ကုလသမဂ္ဂ ကုန်တင်လေယာဉ်တစီးဟာ ဆောင်းတွင်း ရာသီဥတု ဒဏ်ကြောင့် နှောင့်နှေးခဲ့ရပြီး အီရတ်နိုင်ငံ Kurdistan ဒေသ Erbil မြို့ကနေ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းကို တနင်္ဂနွေနေ့က တနာရီကြာပျံသန်းခဲ့တာဖြစ်ပါတယ်။

လာမယ့် ၁၂ ရက်အတွင်း ဆက်တိုက်တင်ပို့မယ့် စားနပ်ရိက္ခာတွေဟာ ဆီးရီးယားဒုက္ခသည် အိမ်ထောင်စု ၆ ထောင်ကျော်အတွက် ဒီဇင်ဘာ လကုန်အထိ လုံလောက်နိုင်တယ်လို့ WFP ကုလသမဂ္ဂစားနပ်ရိက္ခာ အစီအစဉ်က ပြောပါတယ်။ အဲဒီကယ်ဆယ်ရေးပစ္စည်းတွေထဲမှာ စားနပ် ရိက္ခာအပြင် စောင်တွေ၊ ဆေးဝါးတွေနဲ့ အဝတ်အစားတွေလည်းပါဝင်တယ်လို့ ဆိုပါတယ်။ ဒီလေယာဉ်နဲ့ အထောက်အပံ့တွေ ဖြန့်ဖြူးရေးကို ဆီးရီးယားနဲ့ အီရတ်အစိုးရတွေက သဘောတူအတည်ပြုပေးခဲ့ကြပါတယ်။

ဆီးရီးယားပြည်တွင်းစစ်ကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူတွေ အခြေအနေမဲ့ ဖြစ်နေကြဆဲပါ။ မြောက်ပိုင်း Aleppo မြို့မှာ တနင်္ဂနွေနေ့က အစိုးရ တပ်တွေက လေကြောင်းကတိုက်ခိုက်ခဲ့လို့ ကလေး ၁၄ ယောက်အပါအဝင် ၂၂ ယောက် ထက် မနည်း သေဆုံးခဲ့ရကြောင်း၊ Damascus မြို့အရှေ့မြောက်ဘက် Adra မြို့မှာလည်း ဗုဒ္ဓဟူးနေ့က အယ်ခိုင်းဒါးနဲ့ ဆက်နွယ်နေတဲ့ သူပုန်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း လူ ၂၈ ယောက်အသတ်ခံခဲ့ရတယ်လို့ လန်ဒန် အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးအကဲခတ်အဖွဲ့ကပြောပါတယ်။
XS
SM
MD
LG