သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ် အကြံပေး မြန်မာပြည်ရောက်


ကုလအတွင်းရေးမှူးချုပ် အကြံပေး မြန်မာပြည်ရောက်
ကုလအတွင်းရေးမှူးချုပ် အကြံပေး မြန်မာပြည်ရောက်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေးနမ်ဘီးယားဟာ ဒီကနေ့ မနက်က ရန်ကုန်မြို့ကို ရောက်ရှိလာပါတယ်။ အစိုးရဖိတ်ကြားချက်နဲ့ ရောက်ရှိလာတဲ့ ၅ ရက်ကြာခရီးစဉ် အတွင်းမှာ အစိုးရတာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ ကုလသမဂ္ဂရုံး ပြန်ကြားရေးဌာန တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။ ဒီကနေ့စတင်တဲ့ မစ္စတာ ဗီဂျေးနမ်ဘီယားရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ ထိုင်းအခြေစိုက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေးနမ်ဘီးယား ဒီကနေ့ မနက် ၉ နာရီလောက်က ရန်ကုန်မြို့ကို ဆိုက်ရောက်လာတာဖြစ်ပြီး ချက်ချင်းဆိုသလို မြန်မာအစိုးရရုံးစိုက်ရာ နေပြည်တော်ကို ဆက်လက် ထွက်ခွာသွားတာဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ရောက်လာတာဖြစ်ပြီး သူ့ရဲ့ခရီးစဉ်အတွင်းမှာ အစိုးရ အဖွဲ့ဝင်တွေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။

“ဒီနေ့မနက် ရောက်ပါတယ်ခင်ဗျ။ နိုင်ငံတော်အစိုးရရဲ့ ဖိတ်ကြားချက်အရ ၅ ရက်တာခရီး ရန်ကုန်ကို ရောက်ပါတယ်ခင်ဗျ။ အခု နေပြည်တော်ကို တက်သွားပြီခင်ဗျ။ မစ္စတာနမ်ဘီးယား ဒီမှာရှိတဲ့ ခရီးစဉ်မှာ အစိုးရအဖွဲ့က သက်ဆိုင်တဲ့လူအားလုံးနဲ့၊ ပြီးတော့ နိုင်ငံရေးပါတီတွေကကော၊ အစိုးရမဟုတ်တဲ့ အဖွဲ့တွေကကော၊ တခြားအရေးကြီးတဲ့ ဆက်သွယ်စကားပြောရမယ့် ပုဂ္ဂိုလ်တွေ ရှိပါတယ်။ ဒီထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရော၊ NLD အဖွဲ့ဝင်တွေရော ပါပါတယ်ခင်ဗျ။”

မြန်မာအစိုးရအဖွဲ့က ဘယ်သူတွေနဲ့ တွေ့မယ်ဆိုတာနဲ့ အခြားဘယ်နိုင်ငံရေးပါတီတွေနဲ့ တွေ့မယ်ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူးလို့ ဦးအေးဝင်းက ပြောပါတယ်။ အေဖက်ပီ သတင်းမှာတော့ ကုလသမဂ္ဂ အထူးသံတမန်ဟာ ဒုသမ္မတ ဦးတင်အောင်မြင့်ဦးနဲ့ တွေ့ဆုံမှာဖြစ်သလို နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးတို့နဲ့လည်း တွေ့ဆုံမှာဖြစ်တယ်လို့ အစိုးရအရာရှိတစ်ဦးကို ကိုးကားပြီး ဖော်ပြထားပါတယ်။

ခုတခေါက်ခရီးစဉ်ဟာ မစ္စတာနမ်ဘီးယား မြန်မာပြည်ကို တတိယအကြိမ်မြောက် လာရောက်တဲ့ခရီးစဉ်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလအတွင်း ဒုတိယအကြိမ် လာရောက်ခဲ့တုန်းကတော့ မစ္စတာနမ်ဘီးယားက မြန်မာအစိုးရသစ် ဆီကနေ အင်မတန် အားတက်ဖွယ်ကောင်းတဲ့ အရိပ်လက္ခဏာတွေ တွေ့ရကြောင်း ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။

မြန်မာအစိုးရသစ် တက်လာပြီးနောက်မှာ သူတို့ဟာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ် ဆိုတာကို ကမ္ဘာကို ပြသဖို့ကြိုးစားလာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီး ဦးအောင်ကြည်တို့ ခပ်စိပ်စိပ် တွေ့ဆုံလာတာမျိုး၊ ငွေကြေးလဲလှယ်မှုဆိုင်ရာ အပြောင်းအလဲတွေအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ဆီကနေ အကြံဉာဏ်တောင်းခံတာမျိုးတွေ လုပ်လာခဲ့ပါတယ်။

ဒီလိုအခြေအနေမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်ကို မြန်မာနိုင်ငံကိုလာဖို့ ဖိတ်ခေါ်တာဖြစ်ပါတယ်။ ဘာကြောင့်ဖိတ်သလဲ ဆိုတာကိုတော့ အစိုးရကိုမေးဖို့ ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရလို့ အတိအကျ မပြောနိုင်ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကတော့ ကုလသမဂ္ဂက မြန်မာပြည် အရေးမှာ ပါဝင်ဆောင်ရွက်တာကို ကြိုဆိုလိုက်ပြီး မြန်မာပြည်မှာ အမှန်တကယ် တိုးတက်ပြောင်းလဲ နေပြီလားဆိုတဲ့အပေါ်မှာ စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ပြောဆိုပါတယ်။

“ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံအရေး ဝင်ရောက်ဆောင်ရွက်မှုတွေ အမြဲတမ်းကြိုဆိုပါတယ်။ တိုးတက်မှု ဘယ်လောက်ရှိတယ်မရှိတယ် ဆိုတာကတော့ လုပ်ငန်းစဉ်တွေမှာ ကြည့်ရမှာပါ။ ကျနော်တို့က တိုးတက်မှုတွေ စနေတယ်ဆိုတာလောက်ကိုတော့ လက်ခံတယ်။ တိုးတက်မှု တကယ်ရှိပြီလားဆိုတာကတော့ ကျနော်တို့ စောင့်ကြည့်နေရတဲ့ အခြေအနေပါ။”

မစ္စတာ နမ်ဘီးယားဟာ ပထမဆုံးအကြိမ်အဖြစ် ၂၀၁၀ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံကို စတင် လာရောက်ခဲ့တာဖြစ်ပါတယ်။ အရင်လာရောက်ခဲ့တဲ့ ခရီးစဉ် နှစ်ခုလုံးမှာတော့ မြန်မာအစိုးရတာဝန်ရှိသူတွေ အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်းကတော့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်မစ်ချဲလ်ဟာ မြန်မာနိုင်ငံကို နှစ်လတာကာလအတွင်း ဒုတိယအကြိမ် လာရောက်ခဲ့သလို ပြီးခဲ့တဲ့ရက်တွေအတွင်းကလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာတီနာတာလီဂါဝါတို့ လာရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG