သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံဥက္ကဋ္ဌမဖြစ်မီ တိုးတက်အောင် အရင်လုပ်ဖို့ ကုလတိုက်တွန်း


အာဆီယံဥက္ကဋ္ဌမဖြစ်မီ တိုးတက်အောင် အရင်လုပ်ဖို့ ကုလတိုက်တွန်း
အာဆီယံဥက္ကဋ္ဌမဖြစ်မီ တိုးတက်အောင် အရင်လုပ်ဖို့ ကုလတိုက်တွန်း

မြန်မာနိုင်ငံအနေနဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ ဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုနှစ်မှာ တာဝန်ယူတဲ့ အချိန်ရောက်ရင် အဓိကကျတဲ့ကိစ္စရပ် အတော်များများမှာ သိသာထင်ရှားတဲ့တိုးတက်မှုရှိနေဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးကပြောလိုက်ပါတယ်။

AICHR လို့ခေါ်တဲ့ အာဆီယံဒေသတွင်း လူ့အခွင့်အရေးကော်မရှင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့က အမျိုးသားလူ့အခွင့်အရေး ကော်မရှင်တွေ၊ လူထုအခြေပြု အဖွဲ့အစည်းအသီးသီးနဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ပြီးခဲ့တဲ့ သုံးရက်အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေး (Navi Pillay) က အဲဒီလိုပြောလိုက်တာပါ။

မစ္စစ်ပီလေးဟာ ဘာလီမှာရှိနေချိန်အတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တယ်လီဖုန်းကနေတဆင့် ဆွေးနွေး ပြောဆိုခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရဖို့လိုအပ်တဲ့ အဓိကကျတဲ့ ကိစ္စရပ်တွေကို သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့တယ်လို့ မစ္စစ်ပီလေးက ဒီကနေ့ တနင်္လာနေ့မှာ ပြောပါတယ်။

တရားဥပဒေစိုးမိုးရေးကို ထူထောင်နိုင်ဖို့ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး လုပ်ဆောင်မှုတွေဟာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်ဆိုင်းသွားစေဖို့အတွက် အဓိကကျပါတယ်လို့ မစ္စစ်ပီလေးက ပြောပါတယ်။ အဲဒီ လိုဖြစ်ထွန်းတိုးတက်မှုတွေ ရှိနေတယ်ဆိုတာကို ပြင်ပကမ္ဘာကသိစေဖို့ ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံအစွန်အဖျားဒေသတွေ အပါအဝင် နိုင်ငံတဝန်းမှာ လူ့အခွင့်အရေးဆိုင်ရာ သီးခြား လွတ်လပ်တဲ့ လေ့လာစောင့်ကြည့်မှု စနစ်တရပ် ထူထောင်ဖို့ လိုတယ်လို့ ကုလ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးက အကြံပေးပါတယ်။ ဒါ့အပြင် ပဋိပက္ခတွေကိုယ်တိုင်နဲ့ ပဋိပက္ခတွေ ဖြစ်စေတဲ့ အခြေခံကိစ္စရပ်တွေကို ဖြေရှင်းနိုင်ဖို့ အဓိက ကြိုးပမ်းအားထုတ်မှုတရပ် လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စစ်ပီလေးတို့ဟာ ကိစ္စရပ်ပေါင်းစုံကို ပြောဆိုဆွေးနွေးခဲ့ကြပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား တချို့ ပြန်လွတ်လာတဲ့ကိစ္စ၊ လူ့အခွင့်အရေးကော်မရှင်တရပ် ထူထောင်ခဲ့တဲ့ကိစ္စ၊ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ကိစ္စတွေလည်း ပါဝင်ပြီး အခြေအနေတွေအပေါ် သူ့အနေနဲ့ အားတက်မိပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ခရီးရှည်ကြီး သွားရဦးမယ်ဆိုတာကို သူတို့နှစ်ယောက်စလုံး သဘောတူခဲ့ကြတယ်လို့ မစ္စစ်ပီလေးက ပြောပါတယ်။ အကျဉ်းထောင်တွေထဲမှာ ကျန်နေဆဲ နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာ ၆၀၀ ပတ်ဝန်းကျင်လောက် ရှိမယ်လို့ သူသိထားပေမဲ့ သူတို့ပါတီကမသိသေးတဲ့ တခြားလူတွေလည်း ရှိနိုင်ပါသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ကို ပြောခဲ့ကြောင်း မစ္စစ်ပီလေးကပြောပါတယ်။ သိပ်မကြာခင်ကာလမှာ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွတ်လာဖို့ သူတို့နှစ်ယောက်စလုံးက ဆန္ဒရှိပါတယ်လို့လည်း ဆိုပါတယ်။

မြန်မာအစိုးရက ပြီးခဲ့တဲ့စက်တင်ဘာလမှာ ဖွဲ့စည်းထူထောင်ခဲ့တဲ့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နဲ့ အာဆီယံ လေးနိုင်ငံမှာ ရှိထားပြီးသား လူ့အခွင့်အရေး ကော်မရှင်တို့ ထိတွေ့ဆက်ဆံဖို့ အရေးကြီးတယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ရော၊ အဲဒီကော်မရှင်တွေနဲ့ပါ ဆွေးနွေးပြီးတဲ့နောက် သဘောတူ ခဲ့ကြတယ်လို့ မစ္စစ်ပီလေးကပြောပါတယ်။ မြန်မာလူ့အခွင့်အရေး ကော်မရှင်ကို ပြည်တွင်းမှာရော၊ နိုင်ငံတကာကပါ အပြည့်အ၀ လက်ခံလာစေဖို့လိုအပ်တဲ့ လွတ်လပ်ပြီး ယုံကြည်အားကိုးရလောက်တဲ့ ကော်မရှင်တရပ် ဖြစ်လာစေဖို့ရာ အချိန်နဲ့ ထောက်ခံအားပေးမှုကို သေချာပေါက် လိုအပ်မှာဖြစ်တယ်လို့ ကော်မရှင်နာမင်းကြီးက ပြောပါတယ်။

နောက်ထပ် အားတက်ဖွယ်လက္ခဏာတခုအနေနဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဝန်ထမ်းတွေကို မြန်မာနိုင်ငံဆီဖိတ်ခေါ်ပြီး မြန်မာအစိုးရဝန်ကြီးဌာနအသီးသီးက တာဝန်ရှိသူတွေအတွက် လူ့အခွင့်အရေး ဆိုင်ရာသင်တန်းတွေ နိုဝင်ဘာလအတွင်း ပို့ချခွင့်ရခဲ့တာကို မစ္စစ်ပီလေးက ထောက်ပြခဲ့ပါတယ်။ သင်တန်းပို့ချသူတွေ ပြန်ပြောပြခဲ့တာတွေက အားတက်စရာ ကောင်းကြောင်း၊ အသစ်ပေါ်ထွက်လာတဲ့ မျိုးဆက်သစ်ထဲက အများအပြားပါတဲ့ အဲဒီ မြန်မာတာဝန်ရှိသူတွေ ဟာ အင်မတန် အပေါင်းလက္ခဏာဆောင်၊ စိတ်ဝင်စားပြီး တက်ကြွမှုရှိကြကြောင်း၊ လူ့အခွင့်အရေး သင်တန်းလိုမျိုးရော၊ စိတ်အားထက်သန်စွာ လက်ခံမှုရောဟာ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကအထိ ခွင့်ပြုချက် ရနိုင်ခဲ့ဖွယ် မရှိပါဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး နာဗီ ပီလေးက ပြောပါတယ်။

XS
SM
MD
LG