သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြောင်းအလဲဟာ ပြည်တွင်းမှာ မူတည်ဟု ကုလကိုယ်စားလှယ် ပြော


အပြောင်းအလဲဟာ ပြည်တွင်းမှာ မူတည်ဟု ကုလကိုယ်စားလှယ် ပြော
အပြောင်းအလဲဟာ ပြည်တွင်းမှာ မူတည်ဟု ကုလကိုယ်စားလှယ် ပြော

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာဖို့ဆိုရင် ပြည်တွင်းကသာ အဓိက ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ အခု မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေး နမ်ဘီးယား (Mr. Vijay Nambiar) က မှတ်ချက်ပေး ပြောဆိုပါတယ်။ ဒီကနေ့ ရန်ကုန်မှာ နိုင်ငံရေးပါတီတွေနဲ့ မစ္စတာ နမ်ဘီးယားတို့ တွေ့ဆုံကြပြီး နိုင်ငံရေး အကျဉ်းသား အမြန်လွှတ်ပေးရေး ကိစ္စတွေနဲ့အတူ တခြား နိုင်ငံရေး အခြေအနေတွေ ဆွေးနွေးကြစဉ်အတွင်း အခုလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယားနဲ့ မြန်မာ့နိုင်ငံရေးပါတီ ၁၁ ဖွဲ့တို့ ဒီကနေ့မနက် ၁၁ နာရီကျော်လောက်က ရန်ကုန် ကုလသမဂ္ဂရုံးမှာ တွေ့ဆုံပြီး လက်ရှိ မြန်မာ့အရေး အခြေအနေတွေ ဆွေးနွေးခဲ့ကြတာပါ။ ဒီလို အပြန်အလှန် ဆွေးနွေးတင်ပြချက်တွေ အပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာဖို့အတွက် ပြည်တွင်းထဲက သူတွေသာ အဓိကအကျဆုံး ဖြစ်တယ် ဆိုတယ်ကို မစ္စတာ နမ်ဘီးယားက မှတ်ချက်ပေး ပြောဆိုခဲ့တယ်လု့ိ ဒီဆွေးနွေးပွဲကို ကိုယ်တိုင်တက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။

“တကယ်တမ်း ဒီမှာ ပြုပြင်ပြောင်းလဲမှုတို့၊ တိုးတက်မှုတို့၊ နိုင်ငံရေး၊ စီးပွားရေး ဘာညာ အကုန်လုံး တိုးတက်မှုတွေကတော့ ဒီကပုဂ္ဂိုလ်တွေပဲ လုပ်ကြရမှာပဲတဲ့။ ကုလသမဂ္ဂ အနေနဲ့ကတော့ ဒီကလုပ်တဲ့ အပေါ်မှာ အတတ်နိုင်ဆုံး သူတို့ လုပ်နိုင်တဲ့ဘက်က ကူညီသွားပါမယ် ဆိုတဲ့ကိစ္စ ပြောပါတယ်။”

ဒါ့အပြင် နိုင်ငံအတွင်းမှာ ရှိနေတဲ့ အရေးကိစ္စတွေ အားလုံး ပြေလည်အောင် ဖြေရှင်းဖို့ကလည်း လက်ရှိ နိုင်ငံ့တာဝန် ယူထားတဲ့ အစိုးရမှာ တာဝန်အရှိဆုံး ဖြစ်တယ်လို့လည်း မစ္စတာ နမ်ဘီးယားက ပြောပါတယ်။ NDF ပါတီ အပါအဝင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) နဲ့အတူ တခြား နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားပါတီတွေ စုပေါင်းဖွဲ့စည်းထားတဲ့ နိုင်ငံရေး မဟာမိတ်ပါတီ ၁၁ ဖွဲ့ထဲက မွန်ပါတီကလွဲရင် ကျန်တဲ့ပါတီ ၁၀ ဖွဲ့နဲ့ မစ္စတာ နမ်ဘီးယားတို့ ၂ နာရီကျော်ကြာ တွေ့ဆုံ ပြောဆိုခဲ့ကြတာပါ။

နိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်တဲ့ သမ္မတသစ်ရဲ့ မိန့်ခွန်းအပေါ် သဘောထား၊ ဗဟိုအစိုးရနဲ့ ပြည်နယ်အုပ်ချုပ်ရေးကြား အုပ်ချုပ်ပုံနဲ့ အာဏာခွဲဝေမှုအပေါ် သုံးသပ်ချက်၊ တခါ ၂၀၁၄ မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလိုတဲ့အပေါ် ဖြစ်သင့်သလား၊ ဘယ်လိုအမြင်တွေ ရှိပါသလဲ ဆိုတာနဲ့အတူ ၂ လသက်တမ်း ပါလီမန် အတွေ့အကြုံအပြင် ကြားဖြတ်ရွေးကောက်ပွဲတွေအတွက် နိုင်ငံရေး ပါတီတွေ ဘယ်လို ပြင်ဆင်ထားသလဲ ဆိုတာနဲ့ မြန်မာ့အရေးအတွက် UN က ဘာတွေ ထပ်ဆောင်ရွက်ပေးစေလိုပါသလဲ ဆိုတဲ့ အချက်တွေပေါ် အဓိကထား ပြောဆိုခဲ့ကြပါတယ်။

အဲဒီအချက်တွေထဲက အာဆီယံ ဥက္ကဋ္ဌ နေရာအတွက် နိုင်ငံတွင်းမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ အရင်ဖြစ်လာဖို့က အရေးကြီးတယ် ဆိုတာကို နိုင်ငံရေးပါတီတွေက ဖြေခဲ့တယ်လု့ိ ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။

“အာဆီယံ ဥက္ကဋ္ဌ နေရာမှာ ဒီက တောင်းဆိုတာနဲ့ ပတ်သက်လို့ ကျနော်တို့ အနေနဲ့ကတော့ ဒီကာလအတွင်း၊ ၂၀၁၄ ခု မတိုင်ခင် ကာလအတွင်းမှာ အစိုးရ အနေနဲ့လည်း သူ့ရဲ့ ပေးထားတဲ့ ကတိအတိုင်း အကောင်အထည် ဖော်သွားမယ်၊ အထူးသဖြင့် ထင်သာမြင်သာတဲ့ ကိစ္စတွေပေ့ါဗျာ၊ နိုင်ငံရေး အကျဉ်းသား လွှတ်တာတို့ ဘာတို့၊ ဒါတွေကို လုပ်သွားမယ်ဆိုရင် ဒီဥစ္စာက နှစ်ဘက် ပြေလည်စရာအကြောင်း ရှိတယ်လို့ ကျနော်တို့ မြင်တယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ ကျနော်တို့က အချိန်ယူပြီး ကြည့်ရဦးမှာ။”

အထူးသဖြင့် သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ ပြောခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ကတိကဝတ် စကားတွေကိုလည်း စတင် အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂက ဖိအားပေး တိုက်တွန်းစေလိုကြောင်း တင်ပြခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ရခိုင်၊ ရှမ်းနဲ့ ကရင်ပါတီလို တိုင်းရင်းသား ပါတီတွေကလည်း ပြည်တွင်းမှာ ငြိမ်းချမ်းရေးဆိုတာ တကယ်ရှိမှ တိုင်းပြည် တိုးတက်မှာမို့ လက်နက်ကိုင် ပဋိပက္ခတွေ အမြန်ချုပ်ငြိမ်းဖို့အတွက် မြန်မာအစိုးရက ဒီကိစ္စကို အမြန် အကောင်အထည် ဖော်ဖို့အတွက် ကုလသမဂ္ဂက တိုက်တွန်းပေးဖို့ကိုလည်း တင်ပြခဲ့ကြတယ်လို့ ရှမ်းတိုင်းရင်းသားများ ပါတီ (SNDP) အဖွဲ့က ဦးစောသန်းမြင့်က ဆိုပါတယ်။

“ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ရင် ဘယ်လိုမှ တိုင်းပြည်က တိုးတက်ဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့ တိုင်းရင်းသား အဖွဲ့အစည်းတွေလည်း ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ဆန္ဒနဲ့ ကိုက်ညီမယ်ဆိုရင် လက်နက်ကိုင်စရာ မလိုတော့ဘူး၊ တိုက်ခိုက်စရာ မလိုတော့ဘူးပေါ့။ ပေါ်လစီ မကြိုက်လို့ သူတို့ကလည်း လက်နက်ကိုင် တိုက်ကြတာပေါ့။ အဲဒီတော့ တတ်နိုင်သလောက် တွန်းအားပေးပေးပါလို့ အဓိကအဖြစ် ကျနော်တို့ပါတီက တင်သွင်းတာ အဲဒီအချက်ပါပဲ။”

ဒါ့အပြင် စီးပွားရေး ပိတ်ဆို့မှု ကိစ္စတွေနဲ့အတူ မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂက ကူညီပေးရေးတွေ မြှင့်တင်ဖို့ အခြေအနေတွေ အပေါ်မှာလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

မစ္စတာ နမ်ဘီးယားဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တွေထဲက တတိယမြောက် ဖြစ်သလို မြန်မာနိုင်ငံကိုလာတာ ဒီတခေါက်ဟာ ဒုတိယအကြိမ် ခရီးစဉ် ဖြစ်ပါတယ်။ အရင် တာဝန်ယူခဲ့ဖူးတဲ့ မစ္စတာ ရာဇာလီ (Razali Ismail) နဲ့ မစ္စတာ ဂမ်ဘာရီ (Mr. Ibrahim Gambari) တို့တုန်းကလည်း ဒီလိုပဲ အစိုးရနဲ့ရော အတိုက်အခံတွေနဲ့ပါ တွေ့ဆုံခဲ့ကြပေမဲ့ သိသာတဲ့ အပြောင်းအလဲ တိုးတက်မှုတွေ မရှိခဲ့တဲ့ပေါ် ဝေဖန်နေကြပေမဲ့ ကုလသမဂ္ဂက အခုလို မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆက်လက် ကြိုးစားနေတဲ့ လုပ်ရပ်ကိုတော့ ကြိုဆိုပါတယ်လို့ ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။

“မျှော်လင့်သလို အကျိုးသက်ရောက်မှု မရှိခဲ့ဘူး ဆိုတာလည်း ကျနော်တို့အားလုံး သိပြီးသားပါ။ သို့သော်လည်း အခုလာတဲ့ အချိန်မှာတော့ အခြေအနေကလည်း ပြောင်းနေတယ်။ အခြေအနေသစ် တခုပေါ်မှာ သူရောက်လာတာကိုး။ အဲဒီအခါကျတော့ ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာကတော့ ဒါကလည်း စောင့်ကြည့်ပြီး အဲဒီကျမှပဲ ပြောလို့ရမယ်လေ။ ဒီလို အချိန်အခါမျိုးမှာ လာပေးတယ် ဆိုတာကို ကျနော်တို့ကတော့ ကြိုဆိုရမှာပဲ။”

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဒေါက်တာသန်းငြိမ်း ပြောပြသွားတာ ဖြစ်ပါတယ်။

မစ္စတာ နမ်ဘီးယားဟာ ဒီလို နိုင်ငံရေးပါတီတွေအပြင် တစည ပါတီနဲ့လည်း ဒီကနေ့ တွေ့ဆုံသလို လူထုအခြေပြု လူ့အဖွဲ့အစည်း တချို့နဲ့လည်း တွေ့ဆုံပြီး ဒီကနေ့ ရန်ကုန်ကအပြန် ရန်ကုန်လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ ၃ ရက်ကြာ သူ့ခရီးစဉ်အတွင်း နေပြည်တော်မှာ အစိုးရအဖွဲ့ထဲက ဝန်ကြီးအဆင့်တွေနဲ့ တွေ့ဆုံသလို မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ပါတီက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့လည်း မစ္စတာ နမ်ဘီးယား တွေ့ဆုံပြီး ဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG