သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်ငံလုံးအပစ်ရပ်နိုင်ဖို့ ကုလမျှော်လင့်


မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar
မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တရပ် အမြန်ဆုံး ရရှိဖို့ မျှော်လင့်တဲ့အကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။

မြန်မာအစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်တွေ၊ စစ်တပ်က တာဝန်ရှိသူတွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေရဲ့ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲအပြီး ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar က ကြိုဆိုလိုက်တဲ့အကြောင်း ကုလသမဂ္ဂ ပြောခွင့်ရသူက အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲနိုင်မယ့် ပူးတွဲ သဘောတူညီချက်တရပ် ထွက်ပေါ်လာဖို့ ၂ ဘက်စလုံးက ကြိုးပမ်းသွားကြဖို့ မျှော်လင့်တဲ့အကြောင်း မစ္စတာ နမ်ဘီယား က ပြောဆိုခဲ့သလို၊ မကြာခင်မှာ သဘောတူညီချက် ရရှိပြီး တနိုင်ငံလုံးအဆင့် လက်မှတ်ရေးထိုးမှုတွေကိုလည်း စောနိုင်သမျှ စောစောလုပ်ဖို့နဲ့ ဒီနောက်မှာလည်း နိုင်ငံရေးအရ ဆွေးနွေးမှုတွေကို ချက်ခြင်းစဖို့ မျှော်လင့်တဲ့အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ပြောကြားချက်ကို ကုလသမဂ္ဂ ပြောခွင့်ရသူက ပြောဆိုသွားခဲ့တာပါ။

တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ ကျင်းပခဲ့တဲ့ ရန်ကုန်မြို့က ဆွေးနွေးပွဲ အပြီးမှာတော့ အစိုးရနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ညီတူညီမျှ ပါဝင်တဲ့ အဖွဲ့တဖွဲ့နဲ့ တနိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းတရပ်ကို ရေးဆွဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အစောပိုင်းမှာတုန်းကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းတွေကို ၂ ဘက်စလုံးက ရေးဆွဲထားကြပေမဲ့ ကွဲလွဲချက်တွေ ရှိနေတဲ့အတွက် ညှိနှိုင်းလို့ မရနိုင်ဘဲ ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG