သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတုလက်နက်တားဆီးရေး မြန်မာအပြည့်အဝပူးပေါင်းဖို့ ကုလတိုက်တွန်း


မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာပေါ်မှာ အနည်းအကျဉ်းသာ ကျန်တော့တဲ့ တိုင်းပြည်တွေအနေနဲ့ ဓာတုလက်နက် အသုံးပြုမှု တားဆီးရေး နိုင်ငံတကာ သဘောတူညီချက်အတိုင်း လိုက်နာကျင့်သုံးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။

မြန်မာ၊ မြောက်ကိုရီးယား၊ တောင်ဆူဒန်၊ အစ္စရေးလ်၊ အီဂျစ်နဲ့ အင်ဂိုလာ ၆ နိုင်ငံသာ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေဆဲ ဖြစ်တဲ့အကြောင်း ၁၉၉၇ ခုနှစ် နိုင်ငံတကာ သဘောတူညီချက် စတင်ကျင့်သုံးခဲ့တဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အမှာစကားပါးရာမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထည့်သွင်း ပြောဆိုခဲ့တာပါ။

ဓာတုလက်နက် အသုံးပြုမှုဆိုင်ရာ သဘောတူညီချက် ရေးဆွဲပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ၁၉၉၃ ခုနှစ်မှာ အတည်ပြု လက်မှတ်ရေးထိုးခဲ့ပေမဲ့ လက်တွေ့ လိုက်နာကျင့်သုံးတဲ့ အဖွဲ့ဝင်တိုင်းပြည် တခုတော့ ဖြစ်မလာခဲ့ပါဘူး။

ဒါပေမဲ့လည်း မကြာသေးခင် နှစ်တွေအတွင်း အပြောင်းအလဲတွေ လုပ်လာခဲ့ပြီး နောက်မှာတော့ မြန်မာနိုင်ငံအနေနဲ့ အပြည့်အ၀ လိုက်နာကျင့်သုံးဖို့ ရည်ရွယ်ထားတဲ့အကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောဆိုခဲ့ကြတာပါ။

သဘောတူညီချက်ကို လိုက်နာတဲ့ တိုင်းပြည်တခု ဖြစ်လာစေဖို့ တိုက်တွန်းနေတဲ့ ကုလသမဂ္ဂရဲ့ ဓာတုလက်နက် တားမြစ်ရေးအဖွဲ့ (OPCW) က ကျွမ်းကျင်သူ အဖွဲ့တဖွဲ့ဟာလည်း ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ကျွမ်းကျင်မှု အကူအညီတွေ ပေးအပ်ဖို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အင်္ဂါနေ့က ကြေညာချက်မှာတော့ ဆီးရီးယားနိုင်ငံက ဓာတုလက်နက် အသုံးပြုမှုရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို သင်ခန်းစာယူပြီး လူသားထုကို ခြိမ်းခြောက်နေတဲ့ လက်နက်တွေကို မသုံးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
XS
SM
MD
LG