သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ အတွင်းရေးမှူးချုပ် ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ သီးခြားတွေ့ဆုံ


အာဆီယံ-ကုလသမဂ္ဂ အစည်းအဝေး တက်ရောက်နေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန် ကီမွန်းနှင့် မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်။ အောက်တိုဘာ ၂၉၊ ၂၀၁၀
အာဆီယံ-ကုလသမဂ္ဂ အစည်းအဝေး တက်ရောက်နေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန် ကီမွန်းနှင့် မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်။ အောက်တိုဘာ ၂၉၊ ၂၀၁၀

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေကို ပွင်းပွင့်လင်းလင်း၊ ထင်သာမြင်သာဖြစ်အောင်နဲ့ အားလုံး ပါဝင်အောင်လုပ်ဖို့ မြန်မာစစ်အစိုးရဝန်ကြီးချုပ် ဦးသိန်းစိန်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းခဲ့ပါတယ်။

လေးစား လက်ခံနိုင်လောက်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် လိုအပ်တဲ့အတိုင်း ရွေးကောက်ပွဲတွေကို ကျင်းပပေးဖို့ ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းမြို့မှာပြုလုပ်နေတဲ့ အရှေ့တောင် အာရှ ဒေသတွင်း ထိပ်သီးအစည်းအဝေး ပြင်ပမှာ မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ စနေနေ့က သီးခြားတွေ့ဆုံချိန်အတွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ကိုလည်း အတွင်းရေးမှူးချုပ်က ထပ်မံ တောင်းဆိုခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူက ပြောပြပါတယ်။

ဒီမိုကရေစီစနစ်ကျင့်သုံးပြီး တည်ငြိမ် သာယာဝပြောတဲ့အနာဂတ် ဖော်ဆောင်ရေးမှာ ကုလ သမဂ္ဂက မြန်မာအစိုးရ၊ မြန်မာပြည်သူတွေနဲ့အတူ လက်တွဲလုပ်သွားဖို့ ရေရှည် ကတိပြုထား တယ်ဆိုတာကိုလည်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က ထပ်မံအတည်ပြု ပြောခဲ့တယ်လို့ ကုလသမဂ္ဂကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့အတွက် ဂျပန်နိုင်ငံနဲ့ မဲခေါင် မြစ်ဝှမ်းဒေသ နိုင်ငံများအဖွဲ့ကလဲ သောကြာနေ့က ဟနွိုင်းမှာ မဲခေါင်ထိပ်သီးညီလာခံအပြီး ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ တောင်းဆိုထားပါတယ်။

XS
SM
MD
LG