သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးကိုင်တွယ်ဖို့ အမေရိကန်ဦးဆောင်မှု အရေးပါ


လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးကိုင်တွယ်ဖို့ အမေရိကန်ဦးဆောင်မှု အရေးပါ

မြန်မာစစ်အစိုးရကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက လူသားမျိုးနွယ်တွေ အပေါ် ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုတွေ ဟုတ်မဟုတ် ကုလသမဂ္ဂက ဦးဆောင်ပြီး ဦးဆောင်မယ်ဆိုရင် ဖြစ်နိုင်တဲ့ အလားအလာတွေ ရှိတယ်လို့ ခန့်မှန်းကြောင်း ကုလသမဂ္ဂမှာ မြန်မာ့အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအတွင်း အမေရိကန်ပြည်ထောင်စုရဲ့ ဦးဆောင်မှု အခန်းကဏ္ဍနဲ့ပတ်သက်လို့ မနေ့က ဧပြီလ ၁၄ ရက်နေ့မှာ အမေရိကန် အောက်လွှတ်တော်က ကျင်းပတဲ့ အစည်းအဝေးအတွင်း အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်စုံကိုတော့ ဆွေးနွေးပွဲကို ကိုယ်တိုင် တက်ရောက် သတင်းယူခဲ့တဲ့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်ဖွဲ့ရေးအပါအ၀င် အီရန်အတွက် လူ့အခွင့်အရေး ဆိုင်ရာ အထူးသံတမန် ခန့်အပ်ရေး ကိစ္စတွေ၊ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေမှာ လူ့အခွင့်အရေး အလေးမထားတဲ့ အစိုးရအဖွဲ့ဝင်တွေ ရှိနေတာတွေလို စိန်ခေါ်နေတဲ့ ပြဿနာတွေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို တိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးကြတာ ဖြစ်ပါတယ်။

အမေရိကန်အောက်လွှတ်တော်မှာ ကျင်းပတဲ့ ဒီအစည်းအဝေးကို ဒီမိုကရေစီရေးအတွက် ကမကထ လုပ်ဆောင်နေကြတဲ့ Freedom House၊ ဒီမိုကရေစီ ညွှန့်ပေါင်းစီမံချက်အဖွဲ့ နဲ့ Open Society အဖွဲ့တွေက အောက်လွှတ်တော်အမတ် ရက်စ်ကာန်ဟန် ရဲ့ ဦးဆောင်မှုနဲ့ ကျင်းပခဲ့တာပါ။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ပြဿနာကို ဦးဆောင်ဆွေးနွေးသူက မြန်မာနိုင်ငံ အဝေးရောက်ညွှန့်ပေါင်း အစိုးရအဖွဲ့ (NCGUB) ရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းပါ။

“Human Rights Council (လူ့အခွင့်အရေးကောင်စီ) ကနေပြီးတော့ မြန်မာနိုင်ငံမှာ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တကယ့် လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု ဖွဲ့ဖို့ကိစ္စကို ဖြစ်မြောက်အောင် အမေရိကန်ကနေ ဦးစီးဦးဆောင် လုပ်ဆောင်ဖို့ ကျနော်တို့ ဆွေးနွေးပါတယ်။”

အခုထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြီးကြီးမားမား ရှိနေတဲ့ မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အသိုက်အ၀န်းကရော၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနား ကပါ အကြံပြုထားတဲ့ ပြုပြင် ပြောင်းလဲမှုတွေနဲ့ နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စုံစမ်းဖို့ကိစ္စတွေ အတွက် မြန်မာစစ်အစိုးရဖက်က လေးစားလိုက်နာဖို့ လိုအပ်တယ်လို့ အမေရိကန် တက္ကသိုလ်က ဥပဒေဆိုင်ရာ Program Director အဖြစ် ဂျနီဗာရုံးက အပြည်ပြည်ဆိုင်ရာ သံအမတ်ကြီးဟောင်း တဦးလည်းဖြစ်တဲ့ ကားလို့စ်ပေါ်တေးလ် (Carlos Portales) ကပြောပါတယ်။

“မြန်မာနိုင်ငံ အစိုးရအနေနဲ့ လူ့အခွင့်အရေး ဆိုင်ရာအတွက် အထူး လေးစားလိုက်နာဖို့ လိုပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေမှာ ချိုးဖောက်မှုတွေ များနေတာမို့ နိုင်ငံတကာ အသိုက်အ၀န်းရဲ့ ဖိအားပေးမှုဟာ သိပ်အရေးကြီးပါတယ်လို့ ကျနော် ထင်ပါတယ်။ နိုင်ငံတနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် နိုင်ငံတကာက ပါဝင်ပံ့ပိုးမှ၊ ပြောမှဆိုမှ အဆင်ပြေတာမျိုးကို အမြဲတွေ့ရပါတယ်။ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေက ပိုပြီးတော့ အရေးပါပါတယ်။”

မြန်မာအစိုးရက လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုတွေ ရှိမရှိ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ကို ဖွဲ့ဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်က ကြေညာချက် ထုတ်ပြန်ပြီး ထောက်ခံထားပါတယ်။ မြန်မာနိုင်ငံအတွက် ဒီကော်မရှင်တရပ် အခုပဲဖွဲ့ဖို့အတွက် အရေးတကြီး လိုအပ်နေတယ် ဆိုတာကို အမေရိကန်နိုင်ငံက ကမ္ဘာတ၀ှမ်းက နိုင်ငံတွေနဲ့ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တွေ နားလည်လာအောင် ကြိုးစားနေပါတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်က အမေရိကန်သံအမတ်ကြီး အိုင်လင်း ဒေါ်နယ်ဟိုး (Eileen Donahoe) က ပြောပါတယ်။

“မြန်မာနိုင်ငံသားတွေ အတွက်ရော၊ မြန်မာအစိုးရ အတွက်ပါ ရှေ့ဆက်လှမ်းနိုင်ဖို့ အကူအညီတွေ ပေးချင်တယ်၊ ပံ့ပိုးပေးချင်တယ်ဆိုရင် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့ပေးဖို့ အရေးတကြီး လိုအပ်နေပြီ ဆိုတာ အားလုံးသိဖို့ လိုပါတယ်။ ပြစ်မှု ကျူးလွန်ခဲ့တဲ့သူတွေ အနေနဲ့ ကိုယ့်ပြစ်မှုအတွက် ကိုယ်တာဝန်ခံဖို့ အရေးယူမှု ကျေအေးမှုတွေနဲ့အတူ ပြန်လည် သွေးစည်းဖို့လိုအပ်နေတဲ့ မြန်မာနိုင်ငံအတွက် ဒါဟာ အပြုသဘောဆောင်တဲ့ ကြိုးပမ်းမှု ဖြစ်တာမို့ အမေရိကန်ပြည်ထောင်စုက ဒါကို အခု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်နိုင်ငံတွေ အားလုံး မြန်မာနိုင်ငံအတွက် စုံစမ်းရေး ကော်မရှင် တရပ်ဖွဲ့ဖို့ ထောက်ခံလာအောင် လူ့အခွင့်အရေး ကောင်စီမှာ အမေရိကန်နိုင်ငံက တက်တက်ကြွကြွ ဦးဆောင်ရင် အောင်မြင်လာနိုင်တယ်လို့ ဒေါက်တာ သောင်းထွန်းက ယုံကြည်ပါတယ်။

“Human Rights Council ရဲ့ မကြာသေးခင် လပိုင်းတွေကနေပြီးတော့ အရေးယူ ဆောင်ရွက်မှုတွေဟာ အင်မတန် အားရစရာကောင်းပါတယ်။ အထူးသဖြင့် လစ်ဗျား နဲ့ Côte d'Ivoire (အိုင်ဗရီကို့စ်) ကိစ္စမှာ လူ့အခွင့်အရေးကောင်စီက အဖွဲ့ဝင်အားလုံး တညီတညွတ်နဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ချက်ချင်း ဖွဲ့ပြီးတော့ စေလွှတ်တာတို့ လစ်ဗျားကို Human Rights Council ကနေ အဖွဲ့ဝင် အဖြစ်ကနေ ယာယီ ရပ်ဆိုင်းတာတို့ပေါ့နော်။ မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်လို့ရှိရင်လည်း လက်ရှိ လူ့အခွင့်အရေး ကောင်စီမှာ ၄၇ နိုင်ငံ ရှိတဲ့အနက်က အဖွဲ့ဝင်နိုင်ငံ ၂၅ နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တွေကို အထွေထွေညီလာခံမှာ ထောက်ခံခဲ့တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဆိုလိုတာက ၂၅ နိုင်ငံ မဲနဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖြစ်မြောက်ရေး ကိစ္စကို လုပ်ဆောင်နိုင်တဲ့ အလားအလာတွေ ရှိပါတယ်။ ဆိုတော့ အမေရိကန် ဦးဆောင်ပြီးတော့ တခြား မဟာမိတ်အဖွဲ့ဝင်တွေနဲ့ ပူးတွဲပြီးတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းရေး ကိစ္စဟာ ဖြစ်နိုင်တဲ့ကိစ္စလို့ ကျနော် မြင်ပါတယ်။”

ဒေါက်တာ သောင်းထွန်း ပြောသွားတာဖြစ်ပါတယ်။

XS
SM
MD
LG