သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင့်ငြိမ်းချမ်းရေး ခိုင်မြဲအောင် ဆောင်ရွက်ဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း


ကချင်ပြည်နယ် လိုင်ဇာ ကေအိုင်အေ စစ်သားတွေ ကို ရှေ့တန်းစစ်စခန်း တွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၃၁၊ ၂၀၁၃)
ကချင်ပြည်နယ် လိုင်ဇာ ကေအိုင်အေ စစ်သားတွေ ကို ရှေ့တန်းစစ်စခန်း တွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၃၁၊ ၂၀၁၃)
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်အတွင်းက အကြမ်းဖက် ပဋိပက္ခတွေ လျှော့ကျစေရေး နှစ်ဖက် ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO အကြား သဘောတူညီချက်ရတဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပြီး၊ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံး ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ရပ်ဆဲသွားဖို့ မြန်မာအစိုးရနဲ့ ကေအိုင်အေ အကြား တွေ့ဆုံဆွေးနွေးပြီး တဲ့နောက် အခြေအနေတွေ ပိုပြီး တိုးတက်ကောင်းမွန် လာဖို့ မျှော်လင့်တဲ့အကြောင်း အတွင်းရေးမှုးချုပ် က ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ နှစ်ဖက်ဆွေးနွေးပြီး ရလာတဲ့ ဒီသဘောတူညီချက်ကို အတွင်းရေးမှုးချုပ်က ကြိုဆိုတဲ့အကြောင်း အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရသူ မာတင် နာစကီး က မနေ့က ကုလသမဂ္ဂ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။

“အစိုးရ ငြိမ်းချမ်းရေးကော်မတီနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်စားလှယ်တွေ တရုတ်ပြည်မှာ ပူးတွဲ သဘောတူချက်ရခဲ့တာကို အတွင်းရေးမှုးချုပ်က ကြိုဆိုပါတယ်။ အဲဒီအထဲမှာတော့ ကချင်ပြည်နယ်တွင်း အကြမ်းဖက်ပဋိပက္ခတွေ လျှော့ကျသွားဖို့ အစီအစဉ်လုပ်ဆောင်ရေး သဘောတူညီထားကြပါတယ်။”

ပြီးခဲ့တဲ့လတွေအတွင်း ကေအိုင်အို ဗဟို ထိန်းချုပ်ရာ လိုင်ဇာဒေသကို မြန်မာဖက်က ထိုးစစ် ဆင်ခဲ့ပြီးတဲ့ အပေါ်မှာ နိုင်ငံတကာရော ပြည်တွင်းကပါ စိုးရိမ်ပူပင်တွေ တိုးလာခဲ့တာပါ။ ဒီနောက် ပြီးခဲ့တဲ့လကတော့ မြန်မာဖက်က ထိုးစစ်တွေ ရပ်လိုက်ပြီလို့ အစိုးရဖက်က ကြေညာပေမယ့်၊ တိုက်ပွဲတွေက လျှော့မသွားခဲ့ပါဘူး။ တရုတ်နိုင်ငံဖက်က ကမထကလုပ်ပြီး နယ်စပ် ရွှေလီမြို့မှာ နှစ်ဖက် ဆွေးနွေးပြီးတဲ့နောက်တော့ အခြေအနေတွေ တင်းမာမှုတွေ လျှော့ကျလာတဲ့ သဘောတော့ တွေ့ရပါတယ်။

၂၀၁၁ ဇွန်လကတည်းကစခဲ့တဲ့ အစိုးရတပ်နဲ့ ကချင်လက်နက်ကိုင် ကေအိုင်အေ တိုက်ပွဲတွေကြောင့် ဒေသတွင်း မှာရှိတဲ့ အရပ်သား ဒုက္ခသည် ၇ သောင်းခွဲလောက်ဟာ ရပ်ရွာတွေကို စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက ဖြစ်ခဲ့တဲ့ လက်နက်ကိုင်တိုက်ပွဲတွေ လုံးဝရပ်ဆဲသွားဖို့ အခုလို ငြိမ်းချမ်းရေး ညှိနှိုင်းမှုတွေ ကနေ ဖြစ်လာလိမ့်မယ်လို့ အတွင်းရေးမှုးချုပ်က မျှော်လင့်တဲ့အကြောင်းလည်း ပြောခွင့်ရသူ မာတီက ပြောပါတယ်။

“ကချင်ပြည်နယ်အတွင်းမှာ စစ်မှန်ပြီး ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရရေး ဆက်ပြီး ကြိုးပမ်းလုပ်ဆောင်သွားကြဖို့ အတွင်းရေးမှုးချုပ်က တိုက်တွန်း ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးနောက်ပိုင်း ပထမဆုံးအကြိမ် သေနက်သံတွေ ဆဲသွားဖို့ အခု နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုကနေတဆင့် ဖြစ်လာလိမ့်မယ်လို့ အတွင်းရေးမှုးချုပ်က မျှော်လင့်ထားပါတယ်။”

ကချင်ပဋိပက္ခအပေါ် စိုးရိမ်မှုတွေ တိုးလာတာကြောင့် အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားဟာ မြန်မာနိုင်ငံကို ဖေဖဝါရီလ ၃ ရက်နေ့ကနေ ၆ နေ့အထိ ရောက်ရှိလာခဲ့ပါတယ်။ ကေအိုင်အေနဲ့ မြန်မာအစိုးရအကြား တရုတ်ဖက်မှာ ဆွေးနွေး သဘောတူချက်ရပြီး နောက်တနေ့ ဖေဖဝါရီလ ၅ ရက်နေ့မှာတော့ မစ္စတာနမ်ဘီယားဟာ ကချင်ပြည်နယ် မြစ်ကြီးနားကို ရောက်ရှိခဲ့ပြီး၊ တာဝန်ရှိသူတွေကိုရော စစ်ပြေးဒုက္ခသည်တွေကိုပါ တွေ့ခဲ့ပါတယ်။

မစ္စတာနမ်ဘီးယားဟာ သူ့ခရီးစဉ်အတွင်း သမတရုံးဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးသိမ်းနဲ့ ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ အပါအဝင် အခြား အစိုးရအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ် လို့ ကုလသမဂ္ဂရုံးက သတင်းထုတ်ပြန်ပါတယ်။ ရန်ကုန်မှာတော့ အခြားအရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ သံတမန်တွေနဲ့ပါ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ အဓိကကတော့ ကချင်အရေးကိစ္စနဲ့ ဆက်နွယ်မှုတွေကို အဓိကထားဆွေးနွေးတယ်လို့ သိရပါတယ်။ အစိုးရနဲ့ ကေအိုင်အိုအကြား ဆွေးနွေးညှိုနှိုင်းမှုတွေရလဒ်တွေနဲ့ အထူးသဖြင့်တော့ ကချင် ပဋိပက္ခလျှော့ကျဖို့ စောင့်ကြည့်ရေးစနစ်ထားမယ်ဆိုတဲ့အပေါ် ကုလသမဂ္ဂ အနေနဲ့ ထောက်ခံအားပေးတဲ့အကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူသားချင်းစာနာကူညီရေးအဖွဲ့တွေ ကချင်ပြည်နယ်တွင်းက ဒုက္ခသည်တွေကို အကူအညီပေးဖို့ကို မြန်မာအစိုးရက ခွင့်ပြုပေးလိုက်ပါတယ်။ အရင်တုန်းကတော့ ကေအိုင်အေ ထိန်းချုပ်ရာဒေသတွင်းက ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ကချင်အရပ်သားတွေကို နိုင်ငံတကာအကူအညီပေးဖို့ လုံခြုံရေးအကြောင်းပြချက်နဲ့ မြန်မာအစိုးရက ခွင့်မပြုခဲ့ပါဘူး။
XS
SM
MD
LG