သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်း ပဋိပက္ခအဆုံးသတ်ဖို့ လုံခြုံရေးကောင်စီ တောင်းဆို


အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အစ္စလာမ်မစ် စစ်သွေးကြွတစ်ဦးရဲ့ ဈာပနမြင်ကွင်း။ (ဂျူလိုင် ၁၂၊ ၂၀၁၄)
အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အစ္စလာမ်မစ် စစ်သွေးကြွတစ်ဦးရဲ့ ဈာပနမြင်ကွင်း။ (ဂျူလိုင် ၁၂၊ ၂၀၁၄)

အစ္စရေး ပါလက်စတိုင်း ပဋိပက္ခအဆုံးသတ်ကြဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုလိုက်ပါတယ်။ ဂါဇာဒေသမှာ အစ္စရေးတို့ ၅ ရက်မြောက် အဖြစ် စနေနေ့က လေကြောင်းတိုက်ခိုက်မှုလုပ်နေချိန်မှာပဲ လုံခြုံရေးကောင်စီက ခုလိုတောင်းဆိုခဲ့တာပါ၊

စနေနေ့က ထုတ်ပြန်ခဲ့တဲ့ကြေညာချက်ထဲမှာ အကြမ်းဖက်မှုတွေ ဆက်မဖြစ်အောင် လုပ်ကြဖို့၊ ပြန်လည်တည်ငြိမ်အောင်လုပ်ကြဖို့နဲ့ ၂၀၁၂ ခုနှစ်က အီဂျစ်က ကြားဝင် ညှိထားပေးတဲ့ အပစ်အခတ်ရပ်စဲရေးကို ၂ ဖက်လုံးပြန်လိုက်နာကြဖို့ လုံခြုံရေး ကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက တောင်းဆိုထားပါတယ်။

အစ္စရေးပါလက်စတိုင်း ပဋိပက္ခနဲ့ပတ်သက်လို့ သဘောထားကွဲမှုတွေရှိခဲ့တဲ့ လုံခြုံရေးကောင်စီကြားမှာ အခုဖြစ်နေတဲ့အခြေအနေကို ထိန်းသိမ်းကြဖို့ ပထမဆုံးအကြိမ် တရားဝင်ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၃၀ လောက်အထိရှိသွားပြီလို့ ပါလက်စတိုင်း တာဝန်ရှိသူတွေက စနေနေ့က ပြောကြားခဲ့ပါတယ်။

အစ္စရေးတို့ဖက်ကတော့ Hamas အဖွဲ့နဲ့ တခြား စစ်သွေးကြွအဖွဲ့တွေအတွက် မဟာဗျူဟာ ကျတယ်လို့ယုံကြည့်ရတဲ့နေရာတွေအပေါ် လေကြောင်းကနေ ဆက်လက် တိုက်ခိုက်နေပါတယ်။ လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအများစုဟာ အရပ်သားတွေဖြစ်ကြတယ်လို့ ဂါဇာကလာတဲ့သတင်းတွေကပြောပါတယ်။

ဂါဇာဖက်က ပြန်ပစ်တဲ့ Rocket ဒုံးလက်နက်တွေကြောင့် အစ္စရေးဖက် Netivot မြို့ထဲက အိမ်တလုံး ပျက်စီးခဲ့ပါတယ်။ Hamas အဖွဲ့နဲ့ တခြားစစ်သွေးကြွ အဖွဲ့တွေက အစ္စရေးဖက်ကို ရာနဲ့ချီတဲ့ Rocket ဒုံးလက်နက်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အစ္စရေးက ဒုံးလက်နက်တွေကို ကြားဖြတ် ဖျက်ဆီးတဲ့စနစ်ကြောင့် သေဆုံးသူ မရှိဘူးလို့ အစ္စရေးက ပြောပါတယ်။

XS
SM
MD
LG