သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားရောက် ကုလ စုံစမ်းရေးအဖွဲ့ အတိုက်ခံရ


ဆီးရီးယားစစ်တပ်က ဓာတုလက်နက်သုံး တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ကိစ္စ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေ Damascus မြို့မှာ ရောက်ရှိနေသလို၊ တနင်္လာနေ့ကတော့ သူတို့ရဲ့ ယာဉ်တစီး တိုက်ခိုက်ခံခဲ့ရပါတယ်။

ဆီးရီးယားစစ်တပ်က ဓာတုလက်နက်တွေ အသုံးပြု တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ဓာတုအဆိပ်သင့်ခဲ့သူတွေရဲ့ သွေး နမူနာတွေကို ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေက ရယူခဲ့ပါတယ်။

အရပ်သား ရာနဲ့ချီ သေစေခဲ့တဲ့၊ တချို့အိမ်တွေမှာ မိသားစု တစုလုံး အသတ်ခံရတဲ့အထိ ဆိုးရွားခဲ့တဲ့၊ အစိုးရတပ်တွေက အဆိပ်ဓာတ်ငွေ့တွေ သုံး တိုက်ခိုက်မှုလို့ ဆီးရီးယား အတိုက်အခံ လက်နက်ကိုင်အဖွဲ့တွေ စွပ်စွဲပြောဆိုထားတာပါ။

အဆိပ်ဓာတ်ငွေကြောင့်လို့ ယူဆရတဲ့ သေဆုံးမှုတွေရှိခဲ့တဲ့ Damascus မြို့ ဆင်ခြေဖုံးအရပ်တခုကို ကုလသမဂ္ဂ စစ်ဆေးရေးအဖွဲ့ တနင်္လာနေ့က သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ကုလသမဂ္ဂ စစ်ဆေးရေးအဖွဲ့ရဲ့ သွားရောက်စစ်ဆေးမှုအတွင်း တနေရာအရောက်မှာတော့ လက်ဖြောင့်သမားတွေက သူတို့ရဲ့ကားကို ချောင်းမြောင်း ပစ်ခတ်တာနဲ့ ကြုံခဲ့ရပါတယ်။

သူတို့စီးလာတဲ့ကား ထိခိုက်ပျက်စီးခဲ့တာကြောင့် စစ်ဆေးရေးမှူးတွေ ခရီးနောက်ပြန်လှည့်သွားခဲ့ရပါတယ်။ တိုက်ခိုက်ခံရမှုအတွင်း ဘယ်သူမှတော့ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပါဘူး။ ဒီတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ အစိုးရနဲ့ အတိုက်အခံ လက်နက်ကိုင် အဖွဲ့တွေကြား အပြန်အလှန် အပြစ်ဖို့ခဲ့ကြပါတယ်။

ကုလသမဂ္ဂ ပြောခွင့်ရသူ ဖာဟန် ဟတ် (Farhan Haq) ကတော့ စစ်ဆေးရေးမှူးတွေအနေနဲ့ အဆိပ်သင့်သူတွေ၊ ဆရာဝန်တွေနဲ့ တွေ့ခဲ့ရတဲ့အပေါ်မှာ ကျေနပ်မှုရှိပြီး အဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်ခံရတဲ့ နောက်ထပ် နေရာတခုကို ဒီကနေ့ အင်္ဂါနေ့မှာ သွားရောက်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ကုလသမဂ္ဂအဖွဲ့အနေနဲ့ အဆိပ်သင့်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ နေရာတွေကို ချက်ချင်း မသွားနိုင်အောင် ဆီးရီးယားအစိုးရက ၅ ရက်လောက် အချိန်ဆွဲခဲ့ တာကြောင့် အဆိပ်ဓာတ်ငွေ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေ
ဖျောက်ဖျက်တာ ခံရနိုင်တယ်လို့ အမေရိကန် ထိပ်တန်းအရာရှိတဦးက
ပြောပါတယ်။
XS
SM
MD
LG