သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမတ်စ်နဲ့ ပတ်သက်သူ ကုလဝန်ထမ်းတွေကို ချက်ခြင်းအရေးယူခဲ့ (အတွင်းရေးမှူးချုပ်)


ဂါဇာဒေသမှာ ဒုက္ခသည်စခန်းဖွင့်ထားတဲ့ UN အဆောက်အအုံတခု (ယခင်ပုံဟောင်း) (အောက်တိုဘာ ၂၅၊ ၂၀၂၃)
ဂါဇာဒေသမှာ ဒုက္ခသည်စခန်းဖွင့်ထားတဲ့ UN အဆောက်အအုံတခု (ယခင်ပုံဟောင်း) (အောက်တိုဘာ ၂၅၊ ၂၀၂၃)

ဟာမတ်စ်အဖွဲ့ရဲ့ အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးကို အကြမ်းဖက် တိုက်ခိုက်မှုမှာ ကုလသမဂ္ဂရဲ့ ပါလက်စတိုင်း ဒုက္ခသည်ရေးရာအေဂျင်စီ (UNRWA) ဝန်ထမ်း ၁၂ ယောက် ပါဝင်ခဲ့ကြောင်း စွပ်စွဲချက်အတွက် ဌာနတွင်း စစ်ဆေး အရေးယူမှုတွေ ချက်ခြင်းလုပ်ခဲ့ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ပြောလိုက်ပါတယ်။

စွပ်စွဲခံရသူတွေထဲက ၉ ဦးကို ချက်ခြင်းစုံစမ်း ဖော်ထုတ်ပြီး၊ UNRWA ကော်မရှင်နာမင်းကြီး Philippe Lazzarini က အလုပ်ဖြုတ်လိုက်တယ်လို့လည်း အတွင်းရေးမှူးချုပ်က ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ တယောက်ကတော့ သေဆုံးပြီးနောက် ၂ ယောက်ကိုတော့ စုံစမ်းဖော်ထုတ် နေဆဲပဲလို့လည်း ကုလသမဂ္ဂ အကြီးအကဲက ပြောပါတယ်။

အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်တဲ့ ကုလသမဂ္ဂဝန်ထမ်း ဘယ်သူကိုမဆို ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေ အပါအဝင် အရေးယူခံရမယ်လို့လည်း သတိပေးခဲ့တာပါ။ ကျုးလွန်သူတွေကို အရေးယူဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အတွင်းရေးမှူးချုပ်ရုံးက ပူးပေါင်းဆောင်ရွက် သွားမယ်လို့လည်း ပြောပါတယ်။

စွပ်စွဲချက် ထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျ၊ အီတလီ၊ ဖန်လန် စတဲ့ အလှူရှင်နိုင်ငံတွေက ပါလက်စတိုင်း ဒုက္ခသည်ရေးရာ အေဂျင်စီကို ထောက်ပံ့နေတာတွေကို ဆိုင်းငံ့လိုက်ကြတာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ ဂါဇာဒေသက အရပ်သား ၂ သန်းလောက်နဲ့ ထောင်သောင်းချီတဲ့ ဝန်ထမ်းတွေဟာ UNRWA ကို မှီခိုနေရတာကြောင့် အကူအညီတွေ ဆက်ပေးကြဖို့ ပန်ကြားထားပါတယ်။

XS
SM
MD
LG