သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိုးရိမ်စရာနှစ်အဖြစ် ကုလအတွင်းရေးမှူးချုပ် နှစ်သစ်သဝဏ်လွှာ ဖော်ပြ


၂၀၁၈ နှစ်သစ်ကူးပွဲတော်။
၂၀၁၈ နှစ်သစ်ကူးပွဲတော်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ ၂၀၁၈ ခုနှစ် နှစ်သစ် အတွက် ကြေညာချက်မှာ ပဋိပက္ခတွေ ပိုမို နက်ရှိုင်းလာပြီး နျူးကလီးယား လက်နက်တွေ အပေါ် စိုးရိမ်စိတ်တွေ တိုးလာတဲ့ အပေါ် သတိပေးထားပြီး ကမ္ဘာကို အဆုံးစွန် သတိပေး တပ်လှန့်လိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်-Antonio Guterres
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်-Antonio Guterres

ကမ္ဘာတလွှားက မိတ်ဆွေများ ပျော်ရွှင်ဖွယ်ရာ နှစ်သစ် ဖြစ်ပါစေလို့ ကုလ အတွင်းရေးမှူးချုပ်က နုတ်ခွန်းဆက်သခဲ့တာပါ။ လွန်ခဲ့တဲ့ တနှစ် သူ စပြီး တာဝန်ယူချိန်တုန်းက ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေး အတွက် နှစ်သစ် ဖြစ်ဖို့ ပန်ကြားခဲ့ပေမယ့် ကံမကောင်း အကြောင်းမလှစွာနဲ့ ကမ္ဘာကြီးကတော့ ပြောင်းပြန် ဆန့်ကျင်ဖြစ်ခဲ့ပါတယ်။ အခု ၂၀၁၈ ခုနှစ် နှစ်သစ်မှာတော့ သူ့အနေနဲ့ ပန်ကြားချက် မထုတ်တော့ပါဘူးတဲ့။ သတိပေးချက် - ကမ္ဘာကြီးအတွက် အဆုံးစွန် သတိပေး တပ်လှန့်ချက်ကိုဘဲ ထုတ်ပါတော့မယ်လို့ ပြောကြားသွားတာပါ။

ပဋိပက္ခတွေက ပိုပြီး နက်ရှိုင်းလာပြီး အန္တရာသစ်တွေလည်း ထွက်လာတယ်။ စစ်အေးခေတ် ကာလ နောက်ပိုင်း နျူးကလီးယား လက်နက်တွေ အပေါ် ကမ္ဘာတလွှား စိုးရိမ်စိတ် အများဆုံး အခြေအနေကို ရောက်လာပြီး ရာသီဥတု ပြောင်းလဲမှုကလည်း ပိုပြီး မြန်လာတယ်လို့ ကုလ အတွင်းရေးမှူးချုပ်က နှစ်သစ် အမှာစကားမှာ ထောက်ပြ ပြောဆိုပါတယ်။ တရားမျှတမှု မရှိတာတွေ ကြီးထွားလာနေပြီး ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း တွေ့နေရတယ်။ ကိုယ့်အမျိုးကို ဦးစားပေးလွန်းတဲ့ အမျိုးသားရေး ဝါဒနဲ့ လူမျိုးမတူသူတွေ အပေါ် စိုးရိမ်ကြောက်ရွံ့မှုတွေ ကြီးထွားလာနေပြီး ၂၀၁၈ ခုနှစ်ကို စတင်ချိန်မှာတော့ ညီညွတ်ရေး အတွက် အတွင်းရေးမှူးချုပ် Guterres ကတိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာကြီး ဘေးကင်းလုံခြုံမှု ပိုပြီး ခိုင်မာလာရေး အတွက် ပဋိပက္ခတွေကို အတူတကွ ကျော်လွှာပြီး ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ကွာဟမှုတွေ ကျဉ်းမြောင်းသွားစေဖို့၊ ကွဲပြားမှုတွေကို ပေါင်းကူးပေးနိုင်ဖို့၊ ဘုံရည်မှန်းချက်တွေမှာ လူထု တစုတဝေးတည်း ပါဝင်လာပြီး ယုံကြည်မှု ပြန်ပြီး တည်ဆောက်နိုင်ရေး ကမ္ဘာတလွှား ခေါင်းဆောင်တွေ အနေနဲ့ ၂၀၁၈ ခုနှစ် နှစ်သစ် ရည်မှန်းချက် အဖြစ် ချမှတ် ဆောင်ရွက်ကြဖို့လည်း ကုလ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။

အနာဂတ်ဟာ ညီညွတ်ခြင်းပေါ်မှာ မူတည်နေပြီး ၂၀၁၈ ခုနှစ်မှာ ငြိမ်းချမ်းခြင်းနဲ့ ကျန်းမာခြင်းနဲ့ ပြည့်စုံစေဖို့ ဆန္ဒပြုတယ်လို့လည်း ကုလ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG