သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကိစ္စ လုံခြုံရေးကောင်စီ အရေးပေါ်စည်းဝေး


ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက် အသုံးပြုမှုဟာ အဲ့ဒီမှာဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေ အများကြီး အရှိန်မြင့်လာစေမယ်၊ လူတွေကို ပြင်းပြင်းထန်ထန် အကျိုးသက်ရောက်မှုတွေ ဖြစ်စေလိမ့်မယ်လို့ ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ်က ပြောလိုက်ပါတယ်။

မစ္စတာ ဂျန် အလဆန် (Jan Eliasson) က ဆီးရီးယားအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးပေါ် အစည်းအဝေးအတွင်းမှာ အခုလို ပြောသွားတာဖြစ်ပါတယ်။

Damascus မြို့တော်နားမှာ အစိုးရတပ်ဖွဲ့တွေက ရာနဲ့ချီတဲ့ အရပ်သားတွေကို ဓာတုလက်နက်တွေ အသုံးပြုပြီး ဗုဒ္ဓဟူးနေ့က သတ်ပစ်ခဲ့တယ်လို့ အတိုက်အခံတွေက ပြောတဲ့ကိစ္စရပ်ကို တုံ့ပြန်တဲ့အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးပေါ် အစည်းအဝေး ထိုင်နေပါတယ်။

ဗုဒ္ဓဟူးနေ့က သတ်ဖြတ်မှုဖြစ်ပွားခဲ့တဲ့ နေရာတွေကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေ သွားရောက်ခွင့်ပြုဖို့ အာရပ်အဖွဲ့ချုပ်နဲ့ အမေရိကန် အပါအဝင် အနောက်အင်အားကြီး နိုင်ငံတွေက ဆီးရီးယားအစိုးရကို တိုက်တွန်းနေပါတယ်။

သူပုန်ဘက်က ထိန်းချုပ်ထားတဲ့ Damascus မြို့တော် ဆင်ခြေဖုံးကို ဓာတုလက်နက် အသုံးပြုပြီး တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူးလို့ ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ် အာဆတ် (Bashar al-Assad) အစိုးရအဖွဲ့က ငြင်းဆိုနေတာ ပါ။

ဒီနှစ်အစောပိုင်းမှာ သူပုန်တွေဘက်က ဓာတုလက်နက် အသုံးပြုခဲ့တယ်လို့ အစိုးရက တိုင်ကြားလို့ ကုလသမဂ္ဂက လာရောက် စုံစမ်းမယ့်ကိစ္စကို လမ်းကြောင်းလွှဲဖို့အတွက် အတိုက်အခံဘက်က အခုလို ပြောနေတာလို့ သမ္မတ အာဆတ်ရဲ့ အစိုးရအဖွဲ့က စွပ်စွဲနေပါတယ်။
XS
SM
MD
LG