သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအကြီးအကဲ မြန်မာပြည်ထွက်ခွာ


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာ မြန်မာနိုင်ငံကိုသွားရောက်နေပြီဖြစ်ပြီး နေပြည်တော်မှာကျင်းပတဲ့ အာဆီယံနဲ့ အရှေ့အာရှညီလာခံ ၂ ရပ်ကို တက်ရောက်မှာဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့တွဲဘက်ပြောခွင့်ရ Faren Haq က တနင်္လာနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ အဲဒီမှာ ကုလသမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေရဲ့ ၆ ကြိမ်မြောက် ညီလာခံကိုရော ၉ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးညီလာခံကိုပါ တက်ရောက်မှာဖြစ်ပါတယ်။ အတွင်းရေးမှူးချုပ်ဟာ အဲဒီညီလာခံတွေမှာ ဘေးပန်း ဆွေးနွေးပွဲတွေအဖြစ် မြန်မာသမ္မတအပါအဝင် တခြားခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာလည်း ဖြစ်ပါတယ်။”

မစ္စတာဘန်ကီမွန်းဟာ မြန်မာနိုင်ငံမှာရှိစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ဆုံမှာဖြစ်ပြီးု မြန်မာနိုင်ငံပြုပြင် ပြောင်းလဲရေး ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှာ လိုက်နာစရာမလိုတဲ့ ဆုံးဖြတ်ချက်မူကြမ်း တစောင်တင်သွင်းခဲ့ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေးနဲ့ စီးပွါးရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာကို ကြိုဆိုခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်ထဲက ဆိုးဝါးတဲ့အခြေအနေတွေလို လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့နဲ့ မြန်မာနိုင်ငံတွင်း သတင်းသမားတွေနဲ့ လူ့အခွင့်အရေး လုပ်ဆောင်သူတွေကို အန္တရာယ်မရှိအောင် လုပ်ဆောင်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟာ မြန်မာနိုင်ငံကအပြန်မှာ သြစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံ ၂၀ - G-20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာဖြစ်ပါတယ်။

XS
SM
MD
LG