လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုမူခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေ ထွက်လာပြီးတဲ့နောက် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာအဖွဲ့ အကြီးအကဲ Rajendra Pachauri ဟာ ရာထူးက နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံသား Rajendra Pachauri ဟာ နိုင်ငံတကာ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာအဖွဲ့ အကြီးအကဲအဖြစ် ၂၀၀၂ ခုနှစ်ကတည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ အဲဒီအဖွဲ့ နိုဘဲလ်ဆု ချီးမြင့်ခံရတဲ့အထဲမှာ ပါဝင်သူလည်း ဖြစ်ပါတယ်။
IPCC - နိုင်ငံတကာ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အဖွဲ့အနေနဲ့ ခိုင်မာပြတ်သားပြီး အချိန်ပေး လုပ်ဆောင်နိုင်တဲ့ ခေါင်းဆောင်မှုမျိုး လိုအပ်ကြောင်း၊ လက်ရှိအခြေအနေအရ သူ့အနေနဲ့ အဲဒီလို စွမ်းဆောင်နိုင်တဲ့ အခြေအနေမရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ရေးသားပေးပို့တဲ့ သူ့ရဲ့ နှုတ်ထွက်စာထဲမှာ Rajendra Pachauri က ရေးသားထားပါတယ်။
ကင်ညာနိုင်ငံ နိုင်ရူဘီမြို့မှာ အခုသီတင်းပတ်အတွင်း စည်းဝေးပွဲ ကျင်းပနေစဉ်အတွင်း သူအခုလို နှုတ်ထွက်ရတာဟာ အိန္ဒိယနိုင်ငံမှာ ဖြစ်သွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အတွက် ဖြစ်တယ်လို့ သူက ပြောပါတယ်။ အိန္ဒိယနိုင်ငံ အခြေစိုက်ပြီး သူဦးဆောင်တဲ့ ပညာရှင်အဖွဲ့မှာ အလုပ်လုပ်နေတဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးက သူ့အနေနဲ့ Email, Text Message တို့ကနေ မဖွယ်မရာ ရေးသား ပြောဆိုခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေ ထွက်လာအပြီးမှာ လက်ရှိ ကျင်းပနေတဲ့ စည်းဝေးပွဲကနေ နှုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ စွပ်စွဲမှုတွေဟာ မမှန်ကန်ကြောင်း ငြင်းဆိုလိုက်ပြီး သူ့အနေနဲ့ ဒီအမှုမှာ အာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်း မစ္စတာ Pachauri ပြောပါတယ်။