သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ ကုလ စိုးရိမ်


မြန်မာနိုင်ငံရဲ့ လတ်တလော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပေမဲ့လို့ မကြာခင်က ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်တဲ့အကြောင်းနဲ့ အထူး သဖြင့် မြန်မာအစိုးရအနေနဲ့ လူနည်းစုဖြစ်တဲ့ ရိုဟင်ဂျာ မူစလင်တွေရဲ့ အခွင့်အရေးကို အကာ အကွယ်ပေးဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ ဆွေးနွေးပွဲမှာ မနေ့က ချမှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံဘက်က ကုလသမဂ္ဂ ကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးဆိုတာ မရှိတဲ့အကြောင်းနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခဟာလည်း ဘာသာရေးဖိနှိပ်မှုကြောင့်ဖြစ်တဲ့ အကြမ်းဖက်မှုတွေ မဟုတ်တဲ့အကြောင်း တုံ့ပြန်ခဲ့ပါတယ်။ အကြောင်းစုံ သိရအောင် မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

(၆ရ) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးရဲ့ (၄၃) ကြိမ်မြောက် တတိယကော်မတီ အစည်းအဝေးအတွင်းမှာ ရခိုင်ပြည်နယ်က ပဋိပက္ခ အခြေအနေတွေနဲ့ ပတ်သက်ပြီး အထူး စိုးရိမ်တဲ့ အကြောင်းနဲ့ လူနည်းစု ရိုဟင်ဂျာ မူစလင်တွေအပေါ် အကြမ်းဖက် ဖိနှိပ်မှုတွေဟာ လက်ခံနိုင်စရာ မရှိတဲ့အကြောင်း ဖော်ပြတဲ့ ဆုံးဖြတ်ချက်တရပ်ကို မနေ့တုန်းကပဲ ချမှတ်ခဲ့ကြတာပါ။ အကြမ်းဖက်မှုတွေအတွင်း မြန်မာအာဏာပိုင်တချို့ပါ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေ အပါအဝင် မြန်မာအစိုးရအနေနဲ့ ရခိုင်ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဖြေရှင်းချက်ပေးဖို့ တောင်းဆိုတဲ့ အကြောင်း ဒီ ဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂနဲ့အတူ မူကြမ်းရေးဆွဲရာမှာ ပါဝင်ခဲ့တဲ့ ဆိုက်ပရက်စ် နိုင်ငံက ကုလသမဂ္ဂ ကိုယ်စားလှယ်က ခုလို ပြောပါတယ်။

“အဆိုပြုချက်မူကြမ်းမှာ လူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ် မကင်းဖြစ်မှုကို ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့လ အနည်းငယ်က နိုင်ငံတကာအနေနဲ့ ရခိုင်ပြည်နယ် မှာ ဒေသခံတွေကြား အကြမ်းဖက်မှု ဖြစ်ပွားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအဆိုပြုချက် မူကြမ်းမှာ ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မှုကို ဖော်ပြထားပြီး မြန်မာအစိုးရ အနေနဲ့လည်း အခြေအနေကို အမြန်ဆုံး ဖြေရှင်းပေးနိုင်ဖို့လည်း တိုက်တွန်းထားပါတယ်။”

မြန်မာနိုင်ငံဘက်က ကုလသမဂ္ဂ ကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးဆိုတာ မရှိတဲ့အကြောင်းနဲ့ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေဟာ ဘာသာရေးအရ ဖိနှိပ်တဲ့ အကြမ်း ဖက်မှုတွေ မဟုတ်ဘဲ လူမှုအဖွဲ့အစည်း နှစ်ခုအကြား ဖြစ်တဲ့ ပဋိပက္ခသာ ဖြစ်တယ် လို့ ပြန်လည် တုံ့ပြန်သွားပါတယ်။ ဒီဆုံးဖြတ်ချက်ထဲမှာ သုံးနှုန်းဖော်ပြထားတဲ့ အသုံးအနှုန်းအပေါ် မြန်မာ ကိုယ်စားလှယ် အဖွဲ့အနေနဲ့ အပြင်းအထန် ကန့်ကွက်ကြောင်း မြန်မာအစိုးရဘက်က ကုလသမဂ္ဂကိုယ်စားလှယ်က အခုလို ပြောသွားခဲ့ပါတယ်။

“သူတို့ကိုယ်သူတို့ ခွဲခြားသတ်မှတ်ဖို့ ကြိုးစားတဲ့နေရာမှာ ရွှေ့ပြောင်း ဝင်ရောက်လာသူတွေအဖြစ် မပြောဆိုဘဲ လူမျိုးစုတခုအဖြစ် သူတို့ဖာသာ ဖန်တည်း သတ်မှတ်တာမျိုးကို ကျနော်တို့အနေနဲ့ လက်မခံပါဘူး။ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေထဲမှာ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားလူမျိုးစု မရှိပါဘူး။ အဲဒီလိုသတ်မှတ်တာမျိုးကို အစိုးရအဆက်ဆက် ဘယ်တုန်းကမှ အသိအမှတ် မပြုခဲ့ဖူး ပါဘူး။ ဒီလိုရှိနေပေမဲ့လည်း တိုင်းပြည်ရဲ့ ဥပဒေတွေနဲ့ ကိုက်ညီမယ်ဆိုရင် နိုင်ငံတွင်း ဘယ် လူမှု အဝန်းအဝိုင်းမဆိုရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ဘယ်တုန်းကမှ မငြင်းပယ်ခဲ့ဘူး သလို ငြင်းပယ်မှာလည်း မဟုတ်ပါဘူး။”

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဆိုတာ မရှိပေမဲ့လို့ လက်ရှိ တည်ဆဲဥပဒေနဲ့ ကိုက်ညီရင် ဘယ်သူ မဆို နိုင်ငံသားဖြစ်နိုင်တယ်လို့လည်း မြန်မာကိုယ်စားလှယ်က ပြောသွားပါတယ်။

အခုဆုံးဖြတ်ချက်ကို ပူးတွဲ အဆိုပြုခဲ့တဲ့ နိုင်ငံတွေထဲမှာ ပါဝင်တဲ့ အမေရိကန် နိုင်ငံက ရခိုင်ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ မြန်မာအစိုးရက လုပ်ဆောင်နေတာတွေကို အသိအမှတ်ပြု ကြိုဆိုတဲ့အကြောင်း ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်က အခုလို ပြောပါတယ်။

“ရေရှည်ခိုင်မြဲတဲ့ ဒီမိုကရေစီအတွက် အခြေခံတွေကို တည်ဆောက်တဲ့နေရာမှာ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၁၈ လအတွင်း သိသာထင်ရှားတဲ့ တိုးတက်မှုတွေကို ရခဲ့ပါတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာတဲ့ ဒီမိုကရေစီနည်းကျ အဖွဲ့အစည်းတွေကို တည်ဆောက် တဲ့နေရာမှာ တိုးတက်မှုတွေ ဆက်ရသွားဖို့အတွက် အခုဆုံးဖြတ်ချက်က ရှင်းလင်းတဲ့ စံနှုန်းတွေကို ချမှတ်ပေးလိုက်တာ ဖြစ်ပါတယ်။”

အခုဆုံးဖြတ်ချက်ထဲမှာ ရခိုင်ပြည်နယ် ပဋိပက္ခတွေနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေအပြင် မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ကျန်နေသေး တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ ကချင်ပြည်နယ်တွင်း စစ်ပွဲတွေ ဖြစ်ပွားနေတဲ့အပေါ်မှာ မြန်မာအစိုးရအနေနဲ့ ဆွေးနွေး အဖြေရှာ သွားဖို့လည်း တိုက်တွန်း တောင်းဆိုထားပါတယ်။

အထွေထွေညီလာခံရဲ့ တတိယကော်မတီက ချမှတ်လိုက်တဲ့ အခု ဆုံးဖြတ်ချက်ဟာ မဖြစ်မနေ လိုက်နာရမယ့် ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း မြန်မာနိုင်ငံအနေနဲ့ ပြုပြင် ပြောင်းလဲ မှုတွေ လုပ်နေတယ်လို့ ဆိုတဲ့ တပြိုင်တည်းမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ပြုပြင် ပြောင်းလဲ စရာတွေ အများကြီး ကျန်နေသေးတယ်ဆိုတာကို ဒီဆုံးဖြတ်ချက်က ထောက်ပြနေတာ ဖြစ်ပါတယ်။
ရခိုင်ပဋိပက္ခတွေတွင်း ကျူးလွန်သူတွေကို တရားဥပဒေအရ ထိထိရောက်ရောက် အပြစ်ပေးဖို့နဲ့ ပဋိပက္ခတွေ ပြေလည်ရေး နှစ်ဘက်အကြား ညှိနှိုင်း ဆွေးနွေးမှုတွေ ဖြစ်လာအောင် မြန်မာအစိုးရ အနေနဲ့ အလေးအနားထား ဆောင်ရွက်ဖို့လည်း တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကစလို့ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခတွေအတွင်း အိုးအိမ်မဲ့ စွန့်ခွာ ထွက်ပြေး ရသူတွေ ထောင်ပေါင်းများစွာရှိပြီး ဒုက္ခသည်အများစုဟာ ရိုဟင်ဂျာ မူစလင်တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။
XS
SM
MD
LG