သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်ဒုက္ခသည်များအရေး ကုလ အထူးစိုးရိမ်


ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့သီတင်းနှစ်ပတ်အတွင်း တကျော့ပြန် ဖြစ်ပွားခဲ့ တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်ကြရသူ အရေအတွက် သောင်းနဲ့ချီ ရှိခဲ့တဲ့အပေါ် အထူး စိုးရိမ်မကင်းဖြစ်ရတယ် လို့ ကုလ သမဂ္ဂ၊ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောဆိုလိုက် ပါတယ်။ အခုလို မပြောခင်တရက်မှာပဲ အရင်ဂျွန်လက ပထမဦးဆုံးအကြမ်းဖက်မှုတွေကို စတင်စေခဲ့တဲ့ ရမ်းဗြဲမြို့ ကျောက်နီမော်ရွာမှာ ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ မူဆင်တွေကို နေရာပြောင်းရွှေ့ပေးရေး ဆန္ဒပြပွဲ ဖြစ်ခဲ့တာကို ထိန်းသိမ်း လိုက်နိုင်ပြီလို့ အရာရှိတဦးက ဆိုပါတယ်။ အသေးစိတ်ကို ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

ဒီလ ၂၁ ရက်နေ့မှာ ပြန်စဖြစ်လာခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည်အရေအတွက် တိုးပွားလာနေတဲ့အပေါ် အခြေအနေကို အမြန်ဆုံး မထိန်းနိုင်မှာကို အထူးစိုးရိမ်မိတယ်လို့ UNHCR ခေါ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရသူ အေဒရီယံ အက်ဒဝပ်က ဆိုလိုက်ပါတယ်။

"လွန်ခဲ့တဲ့သီတင်းပတ်ကုန်က မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာ အကြမ်းဖက်မှု အသစ်တွေ ပြန်ဖြစ်ခဲ့တဲ့ အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက လွန်စွာ စိုးရိမ်မကင်းဖြစ်ပါတယ်။ အစိုးရရဲ့ခန့်မှန်းချက်အရ လူပေါင်း ၂၈,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ အကြမ်းဖက်မှုကို ဟန့်တားနိုင်ဖို့၊ တရားဥပဒေစိုးမိုးရေး ပြန်ရှိဖို့၊ အမြန်ဆုံးဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်ဆိုတာ ရှင်းပါတယ်။ ဒါမှလည်း ဒုက္ခရောက်နေကြသူတွေအတွက် အကူအညီတွေကို အရောက်ပို့နိုင်အောင် ဆောင်ရွက်ပေးသွားနိုင်မှာဖြစ်ပါတယ်။"

အင်္ဂါနေ့က ဂျနီဗာမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ အဒ်ဝပ်ကပဲ ဆက်ပြီးပြောရာမှာ ဒီအကြမ်းဖက်မှုကြောင့် ထပ်မံထွက်ပြေးလာရတဲ့ ဒုက္ခသည်အသစ်တွေဆီ လက်လှမ်းမီနိုင်ရေး သွားလာခွင့်ပြုဖို့ကိုလည်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတွေဆီကို တောင်းဆိုလိုက်ပါတယ်။

"ဘေးကင်းရာကို ထွက်ပြေးခိုလှုံနေကြသူတွေအတွက် အိမ်နီးချင်းနိုင်ငံတွေကလည်း နယ်စပ်တွေကို ဖွင့်ပေးဖို့ UNHCR အနေနဲ့ မေတ္တာရပ်ခံပါတယ်။ ဒါ့အပြင် ဒီဆက်ပြီးဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အခြေအနေကို ဖြေရှင်းတာမှာ အစိုးရတွေကိုလည်း UNHCR က အကူအညီပေးဖို့ အဆင်သင့်ပါပဲ။"

ဒါ့အပြင် ဂျွန်လက ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို စတင်ဖြစ်စေခဲ့တဲ့ ရခိုင်အမျိုးသမီးတစ်ဦးကို မူဆလင်သုံးဦးက မတရားပြုကျင့်ခဲ့တဲ့ ရမ်းဗြဲမြို့၊ ကျောက်နီမော် ကျေးရွာမှာလည်း မနေ့က အင်္ဂါနေ့ကပဲ မူဆလင်တွေကို နေရာရွှေ့ပြောင်းပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြရာမှာ အစိုးရ လုံခြုံရေးတပ်တွေက ဝင်ရောက်ရှင်းလင်းစဉ် တစ်ဦးသေပြီး တဦးဒဏ်ရာရခဲ့ပေမဲ့ နေ့တွင်းချင်းပဲ အခြေအနေကို ထိန်းသိမ်းနိုင်လိုက်တယ်လို့ ရခိုင်ပြည်နယ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ဆိုပါတယ်။

"မနေ့က ညနေပိုင်းမှာ အေးအေးဆေးဆေး ပြန်ဖြစ်သွားပါတယ်ခင်ဗျ။ ထပ်ပြီး သေတာ ဘာညာ မရှိပါဘူး ခင်ဗျ။ တားဆီးတာကို မနာခံဘဲ လုပ်လို့ ပစ်ခတ်တယ်လို့ သိရတယ်ခင်ဗျ။"

အခုအချိန်မှာ မြန်မာအစိုးရအနေနဲ့ စစ်တပ်ရော ရဲတွေကိုပါ လုံခြုံရေး တိုးချထားပေမဲ့ နောက်တခါ ထပ်ဖြစ်လာမှာကို စိုးရိမ်ရသလားလို့ မေးတဲ့အခါမှာတော့ ရခိုင်အစိုးရရဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်ကပဲ

"မရှိတော့ပါဘူး ခင်ဗျ။ အကုန်လုံးလူစုကွဲပြီး တချို့လည်း ပြန်ကုန်ကြပါပြီခင်ဗျ၊ လုံခြုံရေးတပ်ဖွဲ့နဲ့ ဗုဒ္ဓဘာသာ သံဃာ့နာယက ဆရာတော်တွေ သွားပြီး ထိန်းပါတယ်။ အဲဒီက လုံခြုံရေးအအဖွဲ့တွေနဲ့ အဲဒီက စုလာတဲ့ လူထုထဲက လူတွေနဲ့ ဆွေးနွေးတယ်လို့တော့ သိရတယ်။"

အခုလို အင်္ဂါနေ့က နှိမ်နင်းမှုမှာ သေဆုံးခဲ့ရသူနဲ့ ဒဏ်ရာရခဲ့သူတွေ အကြောင်းကိုတော့ ရခိုင်တိုးတက်ရေးပါတီရဲ့ ကျောက်ဖြူမြို့နယ်အမတ် ဦးဘရှင်က အခုလို ပြောပါတယ်။

"ဦးမောင်ဟန်ရွှေ၊ အသက် (၅၇) နှစ်၊ ရေမြုပ်ဝရွာသား၊ ကိုသန့်ဇင်၊ အသက် (၄၂) နှစ်၊ သပြေချောင်ရွာက သေနတ်ဒဏ်ရာရတယ်။"

ဦးဘရှင်ကပဲ အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ဖို့ ရခိုင်ပြည်သူတွေကို အခုလို တိုက်တွန်းလိုက်ပါတယ်။

"ရခိုင်ပြည်နယ်မှာ ပြဿနာဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်ကို အများဆုံးထိခိုက်တာပေါ့ဗျာ။ ထိခိုက်တဲ့အတွက်ကြောင့် ငြိမ်းချမ်းမှုရအောင် ကြိုးစားရင် ဒီလို ကြိုးစားမှုအပေါ်မှာ ကျနော်တို့ ရခိုင်လူထုကလည်း သဘောပေါက်ဖို့လိုတယ်။ အစိုးရက အကြမ်းဖက်မှုတွေဖြစ်အောင် လုပ်တဲ့သူတွေကို ဖော်ထုတ်မယ်။ ကိုယ်က အကြမ်းဖက်မှုတွေ မဖြစ်အောင်၊ ပြီးတော့ နိုင်ငံတကာက ကဲ့ရဲ့ပြစ်တင်မှုတွေ မခံရအောင်၊ တယောက်နဲ့တယောက် ရန်ဖြစ်နေတယ်ဆိုလု့ိရှိရင် ရန်ဖြစ်တဲ့အိမ်ပေါ့ဗျာ"


ဒါပေမဲ့ ရခိုင်ပြည်နယ်၊ ကျောက်နီမော်ဒေသက အမည်မဖော်လိုတဲ့ ကမာတိုင်းရင်းသားတဦးကတော့ သူ့ရွာမှာ မူဆလင်တွေ ရှိတယ်ဆိုပေမဲ့ သူအပါအဝင် အများစုက ဘင်္ဂါလီမဟုတ်ဘူး၊ ရိုဟင်ဂျာဆိုတာလည်း မသိဘူး၊ ဒါပေမဲ့ လူမျိုးရေးအကြမ်းဖက်မှုတွေ ပြန်ဖြစ်လာမှာကိုတော့ စိုးရိမ်နေရသေးတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ဘက်ကတော့ အခြေအနေက လုံးဝအေးသွားပြီဆိုပေမဲ့ စိတ်ချလက်ချ နေလို့ မရသေးပါ။ အခုက စစ်တပ်ရှိတယ်၊ ပင်လယ်မှာ ရေတပ်ရှိတယ်။ စစ်တပ်ရှိလို့ သူတို့က ဝင်လို့ မရနိုင်လို့ အခြေအနေက အခုလို ရပ်တန့်နေတယ်လို့ ကျနော်တို့က ယုံကြည်နေရပါတယ်။"

တချိန်တည်းမှာ ASEAN အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ကလည်း ဒီ အကြမ်းဖက်မှုတွေ ပြန်ဖြစ်လာ တဲ့အပေါ် ဒေသတခုလုံးအပေါ် ထိခိုက်မှာစိုးရိမ်ပြီး နိုင်ငံတကာကနေ ကြားဝင်ဆောင်ရွက်ပေး ဖို့ တောင်းဆိုလိုက်ချိန်မှာ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မြန်မာသံရုံး ယာယီတာဝန်ခံကို ဒီအကြမ်းဖက်မှုကိစ္စဆွေးနွေးဖို့ ခေါ်ယူခဲ့ပါတယ်ခင်ဗျား။
XS
SM
MD
LG