သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အတွင်း လူမှု အကြပ်အတည်းတွေနှင့် ရင်ဆိုင်ရနိုင်ဟု ကုလပြော


ရခိုင်ပြည်နယ် စစ်တွေမြို့က မူစလင်ဒုက္ခသည်များ။
ရခိုင်ပြည်နယ် စစ်တွေမြို့က မူစလင်ဒုက္ခသည်များ။
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာကူညီမှုလုပ်ငန်းတွေ အတော်များများ ရပ်နားထားလိုက်ရတဲ့အတွက် ဒေသခံ ဒုက္ခသည်တွေအပေါ် ထိခိုက်မှုတွေ ရှိလာတယ်လို့ ကုလသဂ္ဂ လူသားချင်းစာနာကူညီ ညှိုနှိုင်းရေးမှုးရုံး က ပြောလိုက်ပါတယ်။ အခုလို လုပ်ငန်းတွေ ဆက်ရပ်နားထားရမယ်ဆိုရင်တော့ ရခိုင်ပြည်နယ် အတွင်း နေရာအတော်များများ နောက်သီတင်းပတ်တွေမှာ ကျန်းမာရေးက အစပြုလို့ လူမှုအကြပ်အတည်းတွေ အတော်များများ ကြုံလာနိုင်ခြေရှိတယ်လို့ သတိပေးပါတယ်။ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားတာပါ။

ရခိုင်ပြည်နယ်အတွင်း မဖြစ်မနေ လိုအပ်ချက်ရှိနေသူတွေအတွက် အစားအစာ ရေ ကျန်းမာရေးစောင့်ရှောက်မှု ဒီ အခြေခံ လိုအပ်ချက် အတော်များများကို အဲဒီမှာရှိနေတဲ့ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့ကူညီပေးခဲ့ကြရတာပါ။ ကုလသမဂ္ဂနဲ့ အန်ဂျီအိုဖက်ကတော့ ရခိုင်မှာ ပဋိပက္ခဖြစ်နေတဲ့ ရခိုင်လူမှုအသိုင်းအဝိုင်းကိုရော၊ မွတ်ဆလင်လူနည်းစုတွေကိုပါ နှစ်ဖက်လုံး မျှတအောင် အကူအညီပေးတယ်လို့ ဆိုပေမယ့်၊ ဒေသခံရခိုင်လူမျိုး အတော်များများကတော့ အကူအညီတွေဟာ ဘတ်လိုက်ပြီး၊ ဒီနိုင်ငံတကာ အဖွဲ့တွေဟာ မွတ်ဆလင်လူနည်းစုဖက်က ရပ်တည်တယ်လို့ မြင်ကြတာပါ။

ဒီအခြေခံကနေ အခုလို ကုလသမဂ္ဂနဲ့ အန်ဂျီအိုရုံးတွေ ဝန်ထမ်းနေအိမ်တွေကို ပြီးခဲ့တဲ့ သတင်းပတ်အတွင်းက လူအုပ်လိုက် တိုက်ခိုက်တာ ခံရသလို၊ ထောက်ပံ့ကူညီရေး အတွက် ဂိုဒေါင်အချို့လည်း ဖျက်ဆီး လုယက်ခံခဲ့ရပါတယ်။ ဒီအခြေအနေဟာ လူသားချင်းစာနာ ကူညီမှုလုပ်ငန်းတွေအတွက် အတော်လေးကို အကြပ်ရိုက်စေခဲ့တယ်လို့ ရန်ကုန် ကုလသမဂ္ဂ လူသားချင်းစာနာကူညီရေး ညှိုနှိုင်းရေးမှုးရုံး ပြောခွင့်ရသူ Pierre Peron က ဗွီအိုအေကို ပြောပါတယ်။


“ရခိုင်ပြည်နယ်အတွင်းမှာ ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ထောက်ပံ့ရေး အဖွဲ့အစည်းတွေဆီက အကူအညီယူနေရတဲ့ လူသိန်းဂဏန်းအပေါ် ထိခိုက်မှုဖြစ်စေတဲ့ လူသားချင်း စာနာမှုလုပ်ငန်း အကြပ်အတည်း အခြေအနေအပေါ်မှာ အင်မတန် စိုးရိမ်မကင်းရှိနေပါတယ်။ နိုင်ငံတကာ လူသားချင်းစာနာကူညီရေးအဖွဲ့တွေရဲ့ ရုံးတွေ ဝန်ထမ်းတွေရဲ့နေအိမ်တွေကို ပြီးခဲ့တဲ့သတင်းပတ်တုန်းက လူအုပ်နဲ့ တိုက်ခိုက်ခံရမှုတွေဖြစ်ပြီးနောက်ပိုင်း၊ အကူအညီပေးရေးလုပ်ငန်းအများစု ရပ်ထားလိုက်ရပါတယ်။ ဒီအခြေအနေကြောင့် စစ်တွေ ပတ်ဝန်းကျင်မှာရှိတဲ့ နေအိမ် စွန့်ခွာ တိမ်းရှောင်ကြရတဲ့ ဒုက္ခသည်စခန်းတွေ၊ ရခိုင်ပြည်နယ်အတွင်းမှာ ပိတ်ခံထားရသလို သီးခြားဖြစ်နေတဲ့ ကျေးရွာတွေ၊ ရခိုင်လူမှု အသိုင်းအဝိုင်းက ပြည်သူတွေကို အထူးသဖြင့် ထိခိုက် သက်ရောက်မှုရှိတာကြောင့် စိုးရိမ်မိပါတယ်။ ”

ဒီအခြေအနေတွေကြောင့် UN OCHA ခေါ်တဲ့ လူသားချင်း စာနာကူညီရေး ညှိုနှိုင်းရေးမှုးရုံး ရန်ကုန်ဌာနေကိုယ်စားလှယ်ဦးဆောင်တဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်ပြည်နယ်သွားရောက်ပြီး ရခိုင်ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ တနေ့က တွေ့ဆုံခဲ့ကြပါတယ်။

အဓိက အချက်ကတော့ မဖြစ်မနေလုပ်ရမယ့် လူသားချင်းစာနာကူညီမှုတွေ အမြန်ဆုံးပြန်ပေးနိုင်ဖို့အတွက် အကူအညီပေးရေး ဝန်ထမ်းတွေ ပြန်လာခွင့်ရရေးကို ဆွေးနွေးခဲ့ကြတာလို့ ဆိုပါတယ်။ အခုဆိုရင်ပဲ လက်တွေ့မှာ ထိခိုက်မှုတွေ ရှိနေပြီလို့လည်း Pierre Peron က ပြောပါတယ်။

“အခုလက်ငင်းအခြေအနေမှာပဲ ပြည်သူတွေအပေါ် ထိခိုက်သက်ရောက်မှုတွေ ရှိနေပါပြီ။ ဥပမာဆိုရင် အိုင်ဒီပီ ဒုက္ခသည်စခန်းမှာရှိတဲ့ ကလေးငယ် တသောင်းငါးထောင်နီးပါးဟ အခုဆိုရင် စိတ်ပိုင်းဆိုင်ရာရော လူမှုရေး အထောက်အပံ့တွေပါ ခံစားခွင့်မရကြတော့ပါဘူး။ ပိုပြီး စိတ်ပူစရာကောင်းတာကတော့ အဟာရချို့တဲ့မှုကြောင့် အသက်အန္တရာယ်ပါကြုံတွေ့နေရတဲ့ ကလေးငယ် ၃ရာကျော်ကို ကုသဆောင်ရွက်ပေးမှုတွေ အခု မလုပ်နိုင်တော့တာကြောင့် ဒီကလေးတွေရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်မှုရှိနေပါတယ်။ ဒါ့အပြင် နောက်လာမယ့် သီတင်းနှစ်ပတ်အတွင်းမှာ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေကို အစားအစာ မတ်ထရစ်တန်ချိန် တထောင်ကျော် အကူအညီပေးရဖို့ လိုအပ်ချက်ရှိနေပါတယ်။ အဲဒါတွေကို နောက်သီတင်းပတ်မှာ စလုပ်ရမှာပါ။ ဒါပေမယ့် အန်ဂျီအို အဖွဲ့အစည်းတွေမရှိပဲနဲ့၊ ဒီအကူအညီတွေကို ဖြန့်ဝေပေးဖို့ ခက်ပါလိမ့်မယ်။ လုယက်ခံရတဲ့အထဲ စစ်တွေက WFP ဂိုထောင်တလုံး မပါသွားတာမို့၊ အကူအညီအထောက်အပံ့တွေကတော့ အဲဒီမှာ ရောက်ပြီးသားပါ။ ဒါပေမယ့် အဲဒါကို ဖြန့်ဖို့ ခက်နေတာပါ။ ”

မြန်မာအစိုးရဖက်ကတာ့ ပြီးခဲ့တဲ့ စစ်တွေအကြမ်းဖက်မှုဖြစ်ရပ်အပေါ်မှာ စုံစမ်းစစ်ဆေးမှုတွေလုပ်နေသလို၊ တဖက်မှာလည်း အန်ဂျီအိုတွေ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေမှာ အစားထိုးလုပ်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်မှုတွေရှိနေပါတယ်။ ဒါပေမယ့်လည်း အရင်းအမြစ်ပိုင်းဆိုင်ရာ အကန့်အသတ်တွေကြောင့် အစိုးရဖက်က လုပ်ငန်းတွေလုပ်ဖို့ အခက်အခဲရှိလိမ့်မယ်လို့ Pierre Peron က မြင်ပါတယ်။

“စိုးရိမ်စရာအကောင်းဆုံးအခြေအနေကတော့ ရေ ရရှိရေးပါ။ အထူးသဖြင့် ပေါက်တောမြို့နယ်အတွင်းက ဒုက္ခသည်တွေဟာ အခြားနေရာကနေ ပို့ဆောင်ရတဲ့ သောက်သုံးရေကို မှီနေရတာပါ။ ဒါကို အန်ဂျီအိုအဖွဲ့အစည်းတွေက ပုံမှန်လုပ်ပေးနေတာပါ။ ဘာမှ ထပ်အကူအညီမပေးနိုင်ရင် အခု သီတင်းပတ်တပတ်အတွင်းမှာပဲ သောက်သုံးရေ ပြတ်သွားပါလိမ့်မယ်။

နောက်တချက်ကတော့ ကျန်းမာရေးကိစ္စပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း MSF လုပ်ငန်းတွေ ရပ်နားခံရကတည်းက ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းတွေအပေါ် အတော်လေး ထိခိုက် သက်ရောက်မှုတွေ ရှိခဲ့တာပါ။ ဒီတော့ အတော့်ကို နာမကျန်းဖြစ်နေသူတွေကို အရေးပေါ် ဆေးဝါး ကုသဖို့ အတွက် ဆေးရုံတွေကိုပြောင်းရွေ့ အကူအညီပေးဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

ဒါကြောင့် အရေးပေါ်ဆေးဝါးကုသနိုင်ဖို့ ဆေးရုံကို လွဲှပြောင်းပေးနိုင်တဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း ဖြစ်နိုင်သမျှ မြန်မြန် အစားထိုးလုပ်နိုင်ဖို့ လိုနေပါတယ်။ အန်ဂျီအိုလုပ်ငန်းတွေနေရာမှာ အစားထိုးလုပ်ကိုင်နိုင်ဖို့၊ အစိုးရကျန်းမာရေးဝန်ကြီးဌာနက နောက်ထပ်ဝန်ထမ်းတွေကို ပိုလွှတ်တာမျိုးတော့ရှိပါတယ်။ ဒါပေမယ့်လည်း ဒီလုပ်ငန်းတွေ အပြည့်အဝဆောင်ရွက်နိုင်ဖို့ အရင်းအမြစ်ဆိုင်ရာ ကန့်သတ်မှုတွေက ရှိနေပါတယ်။”

စစ်တွေမြို့အတွင်းမှာ သန်းခေါင်စာရင်းကောက်ခံမှုကို ဆန္ဒပြတဲ့အနေနဲ့ အိမ်တွေမှာ သာသန အလံလွှင့်ထူထားတာကို၊ အန်ဂျီအိုဝန်ထမ်းတဦးက သူ့နေအိမ်ရှေ့က အလံကို ဖြုတ်တဲ့နောက် ဒေသခံတွေနဲ့ တင်းမာ မှုတွေဖြစ်ခဲ့တာပါ။ အဲဒီနောက် ယူအန်နဲ့အန်ဂျီအိုအဆောက်အဦးတွေ လူနေအိမ်တွေကို လူအုပ်ကြီးက တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။

တနေ့ကရောက်သွားတဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့တွေကတော့ ဒီအပျက်အစီးတွေကို လိုက်လံစစ်ဆေးခဲ့သလိုပဲ၊ အနီးအနားက ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် အဲဒီကအခြေအနေတွေအပေါ်တည်ပြီး လတ်တလောမှာ အကူအညီတွေ ဆက်မပေးနိုင်ရင်၊ ဒုက္ခသည်တွေအတွက် လူမှုအကြပ်အတည်းတွေ အသက်အန္တရယ်ပါစိုးရိမ်ရတဲ့ ကျန်းမာရေးပြဿဿ နာတွေရှိလိမ့်မယ်လို့ သတိပေး ပြောဆိုခဲ့ကြတာပါ။
XS
SM
MD
LG