သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အိန္ဒိယပြန်ပို့တဲ့ ရိုဟင်ဂျာ ၇ ဦးအတွက် ကုလစိုးရိမ်


အိန္ဒိယက ပြန်ပို့တဲ့ ရိုဟင်ဂျာ ၇ ဦးနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းများ နှစ်နိုင်ငံ လဲလှယ်စဉ်။ (အောက်တိုဘာ ၄၊ ၂၀၁၈)

နိုင်ငံတွင်း တရားမ၀င် ရောက်လာသူတွေအဖြစ် ရိုဟင်ဂျာမူဆလင်တချို့ကို အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံဘက် လွှဲပြောင်းပေးလိုက်တဲ့အပေါ် ကုလသမဂ္ဂက စိုးရိမ်ကြောင်း ဒီနေ့ပဲ ပြောဆိုလိုက်ပါတယ်။

၂၀၁၂ ခုနှစ်က ဖမ်းဆီးခံခဲ့ရပြီး အာသံပြည်နယ်မှာ ထိန်းသိမ်းထားတဲ့ ဒုက္ခသည် ၇ ယောက်ကို မဏိပူရပြည်နယ် နယ်စပ်ကနေ မြန်မာအာဏာပိုင်တွေထံ မနေ့တုန်းက လွှဲပြောင်းပေးလိုက်တဲ့ အတွက် ပြန်ပို့ခံရသူတွေ လုံခြုံရေးနဲ့ အန္တရာယ်ကင်းရှင်းရေးအတွက် အလွန်အမင်း စိုးရိမ်မိကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ပြောခွင့်ရ Andrej Mahecic က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာရုံးချုပ်မှာ ဒီနေ့ပဲ ပြောဆိုလိုက်တာပါ။ ပြန်ပို့ခံရသူတွေဟာ ရိုဟင်ဂျာတွေ ဖြစ်ကြောင်း ခိုင်လုံတဲ့ သတင်းတွေအရ သိရှိရတဲ့အတွက် UNHCR တာဝန်ရှိသူတွေ တွေ့ဆုံခွင့်ရဖို့ အိန္ဒိယအာဏာပိုင်တွေကို တောင်းခံခဲ့ပေမဲ့ တုံ့ပြန်မှု မရခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ပြန်ပို့လိုက်တဲ့ အကြောင်းရင်းတွေနဲ့ ပြန်ပို့ခံရသူတွေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း သိနိုင်အောင် ကြိုးစားနေကြောင်းလည်း ပြောဆိုခဲ့တာပါ။ အိန္ဒိယတရားရုံးချုပ်ကတော့ မြန်မာအာဏာပိုင်တွေက နိုင်ငံသားအဖြစ် လက်ခံခဲ့တာကြောင့် နေရပ်ပြန်ပို့ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း ပြောဆိုခဲ့သလို၊ အစိုးရရှေ့နေကလည်း နေရပ်ပြန်ပို့ခံရသူ ၇ ယောက်အတွက် မြန်မာနိုင်ငံက အထောက်အထား စာရွက်စာတမ်းတွေ ထုတ်ပေးထားကြောင်း ပြောဆိုထားပါတယ်။

ဒါပေမဲ့လည်း ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားတဲ့ မြန်မာအစိုးရ ကတော့ ပြန်ပို့ခံရသူတွေကို မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးတဲ့ အထောက်အထားတွေအပေါ် အခြေခံပြီး ပြန်လည်လက်ခံခဲ့တာဖြစ်ကြောင်း ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာအစိုးရ ပြောခွင့်ရ ဦးဇော်ဌေးက ပြောဆိုခဲ့တာပါ။ တရားမ၀င် ၀င်လာသူတွေကို စိစစ်ပြီး နေရပ်ပြန်ဖို့ဖို့ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ အမိန့်ထုတ်ထားတဲ့ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံက ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာရတယ်လို့ဆိုတဲ့ ရိုဟင်ဂျာတွေကိုပါ ပြန်ပို့ဖို့ စီစဉ်နေတဲ့အတွက် ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရတာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း ဒီသီတင်းပတ်ထဲ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း၊ ရိုဟင်ဂျာတွေကို အကူအညီပေးဖို့ အိန္ဒိယအစိုးရကို တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG