သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလတာဝန်ရှိသူ ကချင်အရေး အထူးစိုးရိမ်


ကချင်စစ်ပြေးဒုက္ခသည်စခန်း။
ကချင်စစ်ပြေးဒုက္ခသည်စခန်း။

ကချင်ပြည်နယ်တွင်း ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေသူတွေ ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခွင့်ပေးဖို့နဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေးခွင့်ရဖို့ စစ်တပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့တွေကို ကုလသမဂ္ဂက ပန်ကြားလိုက်ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဒီနှစ်ဆန်း ဇန်နဝါရီ ၁၄ ရက် စတင်ပြီး ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေကြား ရောက်နေတဲ့ ဒေသခံတွေအတွက် အထူး စိုးရိမ်စိတ်ပူကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် Ms. Renata Dessallien က ဖေဖေါ်ဝါရီလ ၅ ရက် ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေသူတွေထဲမှာ အောင်ဘာလေရွာနဲ့ ဝန်းကျင်ရွာတွေကနေ ကန်စီရွာဘက်ကို ပြောင်းရွှေ့ခဲ့ကြရတဲ့ ရွာသား တထောင်ကျော် အပြင် တိုက်ပွဲဒဏ်ခံရတဲ့ နောက်ထပ် အရပ်သား တထောင်ကျော်လောက်လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒီလိုတိုက်ပွဲတွေကြား ရောက်နေတဲ့ အရပ်သားတွေနဲ့ အိုးအိမ်ရွှေ့ပြောင်း ခဲ့ရသူတွေကို ပိုပြီး လုံခြုံစိတ်ချရတဲ့ နေရာတွေကို ရွှေ့ပြောင်းခွင့် ပေးဖို့အပြင် ဒီလို လုံခြုံတဲ့နေရာတွေ ရောက်သွားရင်လည်း လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေးနိုင်အောင် ခွင့်ပြုဖို့ တိုက်ပွဲနဲ့ သက်ဆိုင်တဲ့ အဖွဲ့အားလုံးကို ပန်ကြားခဲ့ပါတယ်။

ဒါ့အပြင် တိုက်ခိုက်နေတဲ့ အဖွဲ့တွေ အားလုံး အနေနဲ့ တိုက်ပွဲအတွင်း အရပ်သားတွေကို အကာအကွယ်ပေးကြဖို့နဲ့ သူတို့ကို နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ပါ သတိပေးပန်ကြားလိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG