သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးသင့် မြန်မာကလေးအရေး ကုလစိုးရိမ်


အလှူရှင်တွေက ရေနစ်မြုပ်နေတဲ့ကောလင်းနဲ့ ပတ်ဝန်းကျင်ရွာတွေက ကျောင်းသားကလေးငယ်တွေကို စားသောက်စရာများ ဝေခြမ်းပေးနေစဉ်။ (ဇူလိုင် ၂၃၊ ၂၀၁၅)
အလှူရှင်တွေက ရေနစ်မြုပ်နေတဲ့ကောလင်းနဲ့ ပတ်ဝန်းကျင်ရွာတွေက ကျောင်းသားကလေးငယ်တွေကို စားသောက်စရာများ ဝေခြမ်းပေးနေစဉ်။ (ဇူလိုင် ၂၃၊ ၂၀၁၅)

ရေလွှမ်းမိုးမှုဒဏ်ကြောင့် ရေဘေးဒုက္ခ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေအနေနဲ့ တပူပေါ်နှစ်ပူဆင့် ဆိုသလို ဒုက္ခတွေ ပိုပြီး ရင်ဆိုင်လာရမှာဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က သတိပေး လိုက်ပါတယ်။ ဆင်းရဲမွဲတေမှုနဲ့ အကြမ်းဖက်မှု ပဋိပက္ခကြုံနေရတဲ့ မြန်မာနိုင်ငံက ကလေးသူငယ် အများစုဟာလတ်တလောဖြစ်ပေါ်နေတဲ့ ရေဘေးဒဏ်ကြောင့် မမျှော်လင့်ထားတဲ့ နောက်ထပ် ဒုက္ခတွေကို ရင်ဆိုင်လာရမှာ ဖြစ်တယ်လို့ UNICEF က သတိပေး လိုက်တာပါ။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေကစလို့ ဘင်္ဂလားဒေ့ချ်နိုင်ငံကို အခြေပြုတဲ့ Komen ဆိုင်ကလုန်း မုန်တိုင်းရိုက်ခတ်မှုနဲ့အတူ မြန်မာနိုင်ငံမှာ မိုးသည်း ထန်ပြီး ရေလွှမ်းမိုးခဲ့တာကြောင့် အခုဆိုရင် သေဆုံးသူ အနည်းဆုံး (၄၆) ဦးရှိသွားပြီလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက ပြောပါတယ်။ လူပေါင်း ၂ သိန်းကျော် ရေဘေးဒုက္ခသည်ဖြစ်နေပြီး သူတို့အတွက်အရေးပေါ်အကူညီတွေ လိုအပ်နေတာပါ။ ရေဘေးဒုက္ခသည်တွေကို ကူညီနိုင်ဖို့ အစိုးရကရော အရပ်ဘက်လူ့အဖွဲ့အစည်းတွေကပါ ကြိုးစားနေပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်ခဲ ကြောင့် ဒုက္ခသည်တွေဆီ အကူအညီတွေ တိုက်ရိုက် မရောက်နိုင်သေးဘဲ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ် ၁၄ ခုရှိတဲ့အနက် ၁၂ ခုမှာ ရေဘေးဒဏ်ခံနေရပါတယ်။ အစိုးရကတော့ ချင်းနဲ့ ရခိုင်ပြည်နယ် စစ်ကိုင်းနဲ့မကွေးတိုင်းတွေ ကိုသာ အန္တရာယ်ရှိတဲ့ဒေသအဖြစ် နောက်ကျပြီးမှ အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ပါတယ်။ အခုလို ရေဘေးဒဏ်သင့်တဲ့ပြည်သူတွေထဲမှာ ကလေးသူငယ်တွေအတွက် ပိုပြီးစိုးရိမ်စရာဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က သတိပေးလိုက်ကြောင်း ကုလသမဂ္ဂရဲ့ေ န့စဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ကုလအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric က ပြောသွားပါတယ်။

“မြန်မာနိုင်ငံက ကလေးသူငယ်တွေဟာ သူတို့ နဂိုရ်ရင်ဆိုင်နေရတဲ့ ဆင်းရဲမွဲတေမှုနဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေအပြင် အခုတခါ ရေကြီးတဲ့အန္တရာယ် ကြုံလာရတာကြောင့် တပူပေါ် နှစ်ပူဆင့်ဆိုသလို ဒုက္ခတွေ ပိုတိုးလာဖို့ပဲရှိတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့က သတိပေးထားပါတယ်။”

ရေကြီးမယ့်အန္တရာယ်ကြုံနိုင်တယ်လို့ ပညာရှင်တချို့က သတိပေးခဲ့ပေမယ့် မြန်မာအစိုးရကတော့ လုံလောက်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ခဲ့သလို အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း အားနည်းခဲ့ပါတယ်။ အခုလို ရေကြီးတဲ့ သဘာဝအန္တရယ်ကြောင့် ကလေးသူငယ်တွေမှာ လတ်တလောရင်ဆိုင်ရမယ့် ဒုက္ခတွေရှိသလို ရေဘေးသင့် မိသားစုတွေမှာ ရေရှည်ပြသနာတွေ ရင်ဆိုင်ရလိမ့်မယ်လို့ UNICEF အဖွဲ့က သုံးသပ်ပါတယ်။ ကလေးငယ်တွေအတွက် လတ်တလောရင်ဆိုင်ရမယ့် ပြသနာတွေနဲ့ ပတ်သက်ပြီး ကနေဒါနိုင်ငံအခြေစိုက် Edmonton ဆေးတက္ကသိုလ် ကထိကလည်းဖြစ်၊ ကျန်းမာရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူလည်းဖြစ်တဲ့ ဒေါက်တာ ဒေါ်ခင်စောဝင်းကလည်း ခုလို သုံးသပ်ပါတယ်။

“အခုအခြေအနေကို ကြည့်တဲ့အခါမှာဆိုလို့ရှိရင် မုန်တိုင်းဒဏ်ကို အများဆုံးခံရတာက ဆင်းရဲတဲ့ဒေသ မြို့နယ်တွေမှာ မုန်တိုင်းဒဏ်ကို အများဆုံးခံရတယ်ဆိုတာ တွေ့ရှိရပါတယ်။ နောက်ပြီးတော့ ဗမာနိုင်ငံလူဦးရေရဲ့ ၇၀ % သော လူဦးရေဟာဆိုလို့ရှိရင်လည်း ဆင်းရဲမွဲတေမှုဒဏ်ကို ခံနေရတဲ့လူတန်းစားတွေဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။ နောက်တခုကလည်း ဗမာတနိုင်ငံလုံးရဲ့လူဦးရေမှာဆိုလို့ရှိရင် ခလေးသူငယ်ဦးရေက ပျှမ်းမျှ ၃၀ % လောက်ရှိတယ် ဆိုတာ တွေ့ရပါတယ်။ အဲဒီတော့ ၃၀ % သော ခလေးတွေရဲ့ အကျိုးစီးပွားကို တာဝန်ရှိသူတွေအနေနဲ့ကလည်း ဦးစားပေးပြီးတော့ ကြည့်ရှုပေးဖို့ လိုတယ်လို့ မြင်မိပါတယ်။ အထူးသဖြင့် အခုလိုမျိုး မုန်တိုင်းဒဏ်ကို ခံစားနေရတဲ့အချိန်မှာ ကလေးတွေမှာ အလိုအပ်ဆုံးက သူတို့အတွက် သန့်ရှင်းတဲ့သောက်သုံးရေလိုအပ်မယ်၊ နောက်ပြီးတော့ နဂိုရ်ထဲကိုက ဒီကလေးတွေက ဆင်းရဲမွဲတေမှုကြောင့် အာဟာရနဲ့ပတ်သက်လို့ ပြည့်ပြည့်စုံစုံ မရနိုင်တဲ့ကလေးတွေ ဖြစ်တဲ့အခါမှာ အခုလို သဘာဝဘေးဒဏ်ဟာ ဆိုလို့ရှိရင် သူတို့ရဲ့အာဟာရထိခိုက်မှုမှာ ပိုပြီးတော့ ဆိုးဝါးစေတာမို့လို့ ကလေးတွေအတွက် လိုအပ်တဲ့၊ အားရှိမယ့်အာဟာရတွေလည်း ဖြည့်ဆီးပေးနိုင်ဖို့ အထူးသဖြင့် လိုအပ်ပါတယ်။ အာဟာရချို့တဲ့တဲ့အခါမှာဆိုလို့ရှိရင် မဖြစ်သင့်တဲ့ကူးစက်ရောဂါတွေဟာ ပိုပြီးတော့ ကူးစက်တယ် ဆိုတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့ ဒီကလေးတွေကို အကာအကွယ်ပေးဖို့ အရေးတကြီးလိုအပ်နေတာကတော့ အမှန်ပါပဲ။”

ရေဘေးဒဏ်အန္တရာယ်တွေ ကြုံရပြီးတဲ့နောက် ရေရှည်မှာ ကလေးငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြုံလာရတတ်တယ်လို့ ဒေါက်တာ ဒေါ်ခင်စောဝင်းက ပြောပါတယ်။

“စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနဲ့ပတ်သက်ပြီးတော့လည်း ဒါတွေကတော့ အများကြီးရှိပါတယ်။ ကလေးတွေက နဂိုရ်ထဲကိုက တချို့ဒေသတွေမှာဆိုလို့ရှိရင် ရခိုင်ပြည်နယ်တို့၊ ချင်းပြည်နယ်ဘက်တို့ တည်ငြိမ်မှုမရှိတဲ့ဒေသတွေမှာ သူတို့က နဂိုရ်ထဲကိုက ရှုပ်ထွေးမှုတွေ၊ ပဋိပက္ခဖြစ်မှုတွေကို ရင်ဆိုင်နေရတယ်၊ အထိတ်တလန့်နေနေရတယ်၊ ပြီးတော့ သူတို့က တချို့ဆိုလို့ရှိရင် ဒုက္ခသည်စခန်းတွေမှာ နေနေရတယ်၊ အဲဒီလို နေနေရတဲ့အတွက် သူတို့မှာ စိတ်ဖိစီးမှုဒဏ်ရာ ရရှိထားပြီးတဲ့အပေါ်မှာ အခု ထပ်ဆင့်ပြီးတော့ ရေဘေးဒဏ်ဟာ သူတို့အတွက် ဒီလိုမျိုး အထိတ်တလန့်ကြီး ရေတွေ လျှံတက်လာတာမြင်ရတာ၊ လူတွေ ပြေးလွှားတာ၊ ကိုယ့်ရဲ့မိဘ၊ လူကြီးတွေကိုယ်နှိုက်က ကိုယ့်ကိုတောင်မှ သေချာ ဂရုတစိုက် လုပ်နေတဲ့ကြားက သေချာမလုပ်နိုင်ဘဲ၊ သေချာဂရုမစိုက်နိုင်ဘဲနဲ့ အမျိုးစုံ အန္တရာယ်ကြားကနေပြီးတော့ ထွက်ပြေးရတဲ့အခါမှာ သူတို့အတွက် စိတ်ဒဏ်ရာဟာ သူတို့နဲ့အတူ ပါသွားနိုင်တဲ့အန္တရာယ်ရှိတဲ့အတွက် ဒါဟာလည်း ပေါ့ဆလို့မရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတရပ်ဖြစ်ပါတယ်။”

အကြမ်းဖက်မှု ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေဟာ လတ်တလောဖြစ်ပေါ်နေတဲ့ ရေဘေးဒဏ်ကြောင့် အခြေအနေ ပိုဆိုးလာပြီး အရေးပေါ်အကူအညီတွေ ပိုလိုအပ်နေတယ်လို့ UNICEF အဖွဲ့က ပြောပါတယ်။ ရခိုင်ဒေသက ကလေးငယ်တွေကို ထောက်ပံ့နိုင်ဖို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၄.၉ သန်းပေးဖို့ UNICEF က တောင်းခံခဲ့ပေမယ့် လက်တွေ့မှာ ၅.၆ သန်းသာ ရရှိထားပါတယ်။ ရေဘေးဒုက္ခသည်တွေကို မြန်မာစစ်တပ်အပါအဝင် ကြက်ခြေနီအဖွဲ့တွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေက ကူညီနေသလို WFP ခေါ် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အဖွဲ့ကလည်း ရေဘေးဒုက္ခသည် အနည်းဆုံး ၁ သိန်းခွဲအတွက် ဆန်၊ ဆီ၊ ဆားနဲ့ ကုန်ခြောက်တွေကို တလစာရိက္ခာ အဖြစ် ဝေငှသွားမယ်လို့ ကုလသမဂ္ဂ UNOCHA အဖွဲ့ကပြောပါတယ်။

XS
SM
MD
LG