သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ အထောက်အပံ့ ဖြတ်တောက်မှု ထိုင်းမြန်မာနယ်စပ် တိုင်းရင်းဒုက္ခသည်တွေ အကြပ်အတည်းနဲ့ရင်ဆိုင်


မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်ဒေသက ဒုက္ခသည်စခန်း ၆ ခုမှာရှိတဲ့ လူနည်းစုတိုင်းရင်းသား ဒုက္ခသည် ၆ ထောင်ကျော်ဟာ အောက်တိုဘာလကစပြီး နိုင်ငံတကာအကူအညီအားလုံး ဖြတ်တောက်ခံခဲ့ရတဲ့အတွက်လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ဖြစ်နေဆဲ ရှမ်းပြည်နယ်မှာ အခြေအနေဟာ စိုးရိမ်နေရကြောင်း လူ့အခွင့်အရေး အဖွဲ့တဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ထိုင်းမြန်မာ နယ်စပ် တလျှောက် ဒုက္ခသည် စခန်းတွေမှာ အကူအညီ သိပ်ကို လိုအပ်နေကြောင်း သူ့ထံကို အရေးပေါ် ဆက်သွယ် လာတယ်လို့ Cross Culture Foundation ဥက္ကဋ္ဌ Surapong Kongchantuk က မနေ့ အင်္ဂါနေ့က ပြောပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ထံကနေ အထောက်အကူတွေ လုံးဝ ဖြတ်တောက်ခြင်း ခံရတာ သုံးလနီးပါး ရှိပြီဖြစ်တဲ့အတွက် စခန်းရှိလူတွေ ကြီးမားတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့အကြောင်းလည်း သူက ပြောပါတယ်။ ရှမ်းပြည်နယ်က ဖြစ်ကြတဲ့ ရှမ်း၊ လားဟူ၊ အာခါ၊ ဝ နဲ့ တခြား လူနည်းစု တိုင်းရင်းသား ဒုက္ခသည် စုစုပေါင်း ၆၁၈၅ ဦးတို့ဟာ အထောက်အကူပစ္စည်းတွေ ဖြတ်တောက်ခံနေရတဲ့အတွက် ဒုက္ခသည် စခန်း ၆ ခုတို့မှာ ပိတ်မိနေတဲ့အကြောင်း Surapong က ပြောပါတယ်။ စခန်း ၆ ခုအနက် ၅ ခုဟာ မြန်မာပြည်တတွင်းမှာရှိပြီး နောက်တခုကတော့ ချင်းမိုင် ခရိုင်တွင်းက Wiang Haeng ဒေသမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီဒုက္ခသည်တွေဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှာ ဒုက္ခသည်တွေအဖြစ် မှတ်ပုံတင်ထားခြင်းမရှိကြဘဲ ၇၀ % ဟာ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်ကြတယ်လို့လည်း သူက ပြောပါတယ်။ ၁၉၉၆ ခုနှစ်က ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း လူပေါင်း ၃ သိန်းကျော်လောက် အိုးအိမ်မဲ့ဖြစ်ခဲ့ကြပြီး စစ်ဘေးရှောင်သူတွေဟာ လူသူ ကုလသမဂ္ဂနဲ့ တခြားနိုင်ငံတကာ အဖွဲ့တွေရဲ့ အထောက် အပံ့ပေါ် အဓိကမှီခိုပြီး ၁၈ နှစ်ကြာ နေခဲ့ကြရတယ်လို့ မစ္စတာ Surapong က ပြောပါ တယ်။ ၂၀၁၁ ခုနှစ်မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေကြား အပစ် ရပ် စာချုပ် ချုပ်ဆိုခဲ့ပြီးနောက်ပိုင်း ရှမ်းပြည်နယ်မှာ ပဋိပက္ခ ဖြေရှင်းပြီးကြောင်း UNHCR က ရှုမြင်တဲ့အတွက် ဒုက္ခသည်စခန်းတွေကို ပေးနေတဲ့ အထောက်အကူတွေကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့ကစလို့ လုံးဝ အထောက်အကူတွေကို ရပ်ဆိုင်းခဲ့တာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ ဒါပေမယ့် အပစ်ရပ် ကို တိတိကျကျ လိုက်နာခြင်းမရှိတဲ့အတွက်ကြောင့် ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒုက္ခသည်တွေဟာ နေအိမ်တွေကို မပြန်နိုင်ကြဘဲ ပြင်ပအထောက်အကူ ဖြတ်တောက်ခြင်း ခံခဲ့ရတဲ့ ဒုက္ခသည်စခန်းတွေမှာ ဆက်လက် ရုန်းကန်နေထိုင်ကြရတယ်လို့လည်း သူက ပြောပါတယ်။

ဒါ့ကြောင့် ဒုက္ခသည်တွေထံ လူသားချင်းစာနာမှုအထောက်အကူ ပြန်လည်ပို့ဆောင်ပေးဖို့ နိုင်ငံတကာ လူ့အဖွဲ့အစည်းကို တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ တပ်တွေကို ရုပ်သိမ်းပြီး တိုက်ပွဲတွေကိုရပ်ဆိုင်းကာ ဒုက္ခသည်တွေကို နေအိမ်တွေကို ပြန်နိုင်ဖို့ အခြေအနေ ဖန်တီးပေးဖို့ကိုလည်း သူက တောင်းဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG